ပုဂံ-ညောင်ဦး ၁၃ ဒီဇင်ဘာ
မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသော ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီး Yoko Mikasa ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီ က ပုဂံမြို့ဟောင်းရှိ သဗ္ဗေညု ဘုရားအနီးရှိ ဂျပန်စစ်သင်္ချိုင်းသို့ သွားရောက်ဂါရဝပြုကြသည်။
ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီးနှင့်အဖွဲ့သည် ဂျပန်စစ်သင်္ချိုင်းရှိ ငြိမ်းချမ်းရေး အထိမ်းအမှတ်နေရာတွင် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ အတွက် အမှတ်တရလွမ်းသူ့ပန်းခွေချ ဂါရဝ ပြုသည်။
ထို့နောက် ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီးနှင့်အဖွဲ့သည် သဗ္ဗေညုဘုရား၊ အာနန္ဒာ ဘုရားနှင့် လောကနန္ဒာစွယ်တော်မြတ်ဘုရားများသို့ သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ဂျပန်ဘုရင့်မျိုးနွယ် မင်းသမီးနှင့်အဖွဲ့သည် ညနေ ၆နာရီခွဲတွင် ပုဂံ-ညောင်ဦးမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)