ခင်ဦး  ၁၄   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့လယ် လမ်းသုံးခွတွင် ထားရှိမည့်နေရာသို့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ရန်ကုန်မြို့မှ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာရာ ဒီဇင်ဘာ  ၁၃ ရက် နံနက် ၁၀ နာရီက ရွှေဘိုမြို့နှင့် ခင်ဦးနယ်စပ်မှ သွားရောက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူ၊ ဦးကျော်မင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ကြိုဆိုကြကြောင်း သိရသည်။

 

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုသယ်ဆောင်ရာ လမ်းတ‌လျှောက်တွင် ကျေးရွာများက ကြိုဆိုကြပြီး ခင်ဦးမြို့ဝင် မှစ၍ ခင်ဦး(အထက) ဘင်ခရာတီးဝိုင်း၊ ပန်းပွားအကများ၊ သီရိမောင်ဆင်အကနှင့် ပြည်သူ ၅၀၀၀  ကျော်တို့က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို စည်းကားသိုက်မြိုက်စွာဖြင့် ကြိုဆိုကြသည်။

 

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုနှင့် ထားရှိမည့်နေရာကို စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ရန်ပုံငွေကျပ် သိန်း (၂၀၀)၊ မြို့နယ်ဌာဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ ထည့်ဝင်ငွေတို့ဖြင့် ကြေးပိဿာချိန်(၂၅၀)၊ အမြင့် (၉) ပေ၊ တန်ဖိုးငွေကျပ် သိန်း (၁၃၀) ဖြင့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုကို ပြုလုပ်ပြီး အဆိုပါ ကြေးရုပ်ထုထားရှိရန် တြိဂံကျွန်းကို အနားတဘက်လျှင် ပေ (၃၀)၊ အလယ်တွင် အောက်ခြေအကျယ် ၅ ပေ၊ အမြင့် ၅ ပေ တည်ဆောက်ထားကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော် ထံက သိရသည်။

 

စိုးဝေအောင် (ခင်ဦး)