ကျုံပျော်  ၁၄   ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကျင်းပမည့် ကလေးစာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို အ.ထ.က(၁)ကျုံပျော်၊ အောင်ဆန်းခန်းမ၌ ဒီဇင်ဘာ ၁၃ ရက်နေ့က ပြုလုပ်သည်။

 

ရှေးဦးစွာ ကလေးစာပေပွဲတော် ကျင်းပပြီးစီးခဲ့သောမြို့နယ်များမှ မှတ်တမ်းဓာတ်ပုံများအား ကော်မတီဝင်များ သိရှိနိုင်ရန် ပရိုဂျက်တာဖြင့် ရှင်းလင်းပြသသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက မိမိတို့မြို့နယ်တွင် ကလေးစာပေပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများကလည်း ကဏ္ဍအလိုက် ကြိုးစားဆောင်ရွက်သွားရန်၊ ကလေးများ ပျော်ရွင်အောင်၊ စာပေနှင့် မွေ့လျှော်အောင် ဦးတည်ကျင်းပပေးသည့် ပွဲဖြစ်သည့်အတွက် အနှစ်သာရရှိစွာဖြင့် အောင်မြင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်စိန်က ပညာရေးဌာနအနေဖြင့် ပွဲတော်တွင်ပါဝင် ဆောင်ရွက်သွားမည့် ကဏ္ဍအသီးသီးကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကလေးစာပေပွဲတော်တွင် ထည့်သွင်းကျင်းပမည့် ပြိုင်ပွဲ၊ ဟောပြောပွဲ၊ ကစားပွဲ၊ ဖျော်ဖြေပွဲ၊ ဆုချီးမြှင့်ခြင်း စသည့်ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည့် အစီအစဉ်တို့ကို ဆွေးနွေးသည်။

 

ထို့နောက် ပွဲတော်ကျင်းပရေးဆပ်ကော်မတီအသီးသီးက လုပ်ငန်းပြင်ဆင်ဆောင်ရွက်နိုင်ရေး စီမံထားရှိ အခြေအနေများအား ရှင်းလင်းဆွေးနွေးကြသည်။

 

အဆိုပါ ကလေးစာပေပွဲတော်ကို ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီလ (၁၀၊ ၁၁) ရက်တို့တွင် ကျင်းပသွားရန်စီစဉ်ထားပြီး၊ ဖျော်ဖြေပွဲ၊ စာပေဟောပြောပွဲ၊ အရုပ်ဆက်၊ စကားပုံဆက်၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကလေးစာဖတ်ခန်း၊ ပြခန်း၊ စာအုပ်ဈေးရောင်းပွဲများဖြင့် စည်ကားစွာကျင်းပ ပေးသွားမည် ဖြစ်သောကြောင့် မည်သူမဆို ပျော်ရွင်စွာလာရောက်ဆင်နွှဲနိုင်ကြောင်းဖြင့် သိရသည်။

 

နေဝင်း (ကျုံပျော်)