နေပြည်တော် ၁၄ ဒီဇင်ဘာ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊ ထီရီး- ထီရီးဗောင်း- ဗောင်းပြုံး ကွန်ကရစ်လမ်းသစ် (၄) မိုင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ‌ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ထီးရီးဗောင်းကျောင်းတိုက် ဆရာတော်တို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းတစ်လျှောက် လိုက်လံကြည့်ရှုသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး ရေခြား/မြေခြားမရှိ၊ ပြည်နယ်/ပြည်မ အကြားအလပ်မရှိ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေးဆိုသည့် မဟာဗျူဟာရည်မှန်းချက်နှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ၏ တင်ပြတောင်းဆိုချက်၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အမှန်တကယ်လိုအပ်ချက်များအပေါ် အခြေခံပြီး တာဝန်ရှိသူ အဆင့်ဆင့်မှ မြေပြင်ကွင်းဆင်း စစ်ဆေး၍ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရန်ပုံငွေများခွဲဝေ လျာထားဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

 

ယနေ့ဖွင့်လှစ်သည့် ထီရီး - ထီရီးဗောင်း - ဗောင်းပြုံး ကွန်ကရစ်လမ်းသည် အရှည်(၄)မိုင်၊ အကျယ် (‌၁၂) ပေနှင့် (၆)လက်မထုရှိပြီး မိမိတို့ဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၃၆)သန်းနှင့် ကျေးရွာလူထု၏လုပ်အားများဖြင့် စုပေါင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ကျေးရွာပေါင်း (၁၀)ရွာမှ ဒေသခံတိုင်းရင်းသား ပြည်သူ (၃၀ဝ၀)ကျော်အတွက် အကျိုးပြုမည့် လမ်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသများ၏ အခြေခံအဆောက်အအုံများနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းကူညီမှုရရှိခဲ့လျှင် ယခုကဲ့သို့ ပိုမိုအောင်မြင်မှုရလဒ်များ အမှန်တကယ်ရရှိမှာဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပအိုဝ်းဒေသအတွင်းရှိ ဝေးလံခေါင်းပါးသော စာသင်ကျောင်းများအတွက် ကျောင်းဝတ်စုံ အစုံ(၃၀ဝ)ကို ထောက်ပံ့ပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပင်လောင်းမြို့နယ်၊ ထီရွေး-ထီရွယ်လမ်းပေါ်ရှိ (၅၀)ပေ ကွန်ကရစ် တံတား(၂)စင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဉာဏ်ပင်လမ်းခွဲ - ကျွဲဖြူကွင်း - လွယ်တက် ကျောက်ရောမြေလမ်း (၂/ဝ) မိုင် ဖောက်လုပ်နေမှု၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကောင်းမှုဗွာ-လိုက်ဟန်နား-လိုက်ပေး မြေလမ်း(၄/ဝ)မိုင်၊ ကျားတောင်-ကောင်ပန်တန်း ကတ္တရာလမ်း (၁/၂)မိုင်၊ လပ်တိုင်-ပင်အွန် ကျောက်လမ်း (၂/ဝ) မိုင် လုပ်ငန်းခွင်များသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြမှုအား လိုအပ်သည်များ မှာကြားကာ ပြည်ထောင်စုဝန်ကြီးက လမ်း/တံတား လုပ်ငန်းပြီးစီးမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆီဆိုင်မြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (ဆိုက်ခေါင်) သို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးအပြင် အဖွဲ့အစည်း စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှု၊ အချိန်ကိုစနစ်တကျ ခွဲဝေကျင့်သုံးတတ်မှု၊ ပေါင်းသင်း ဆက်ဆံရေး၊ ကျန်းမာသန်စွမ်းဖျတ် လတ်သူများ၊ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်ဖြစ်ထွန်းလာစေရေးနှင့် နိုင်ငံအကျိုး၊ ဒေသအကျိုး၊ ပြည်သူ့အကျိုး၊ ဆောင်ရွက်နိုင်သူများဖြစ်အောင် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားကျင့်ကြံ နေထိုင်သွားကြရန်၊ ဆရာ၊ ဆရာမများကလည်း ထက်မြက်ထူးချွန်သောလူငယ်များ ဖြစ်စေရေး စဉ်ဆက်မပြတ် ကြပ်မတ်လေ့ကျင့်ပေးသွားရန် မှာကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာ၊ စာကြည့်တိုက်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်