ချီဖွေ ၁၄ ဒီဇင်ဘာ
ကချင်ပြည်နယ် ချီဖွေမြို့နယ်အတွင်းရှိ ပန်ဝါနှင့် ချီဖွေမြို့တို့ကိုဖြတ်ကာ မေခမြစ်အတွင်းသို့ စီးဝင်သည့် ဇုတ်လန်ချောင်းရေသည် ဒီဇင်ဘာ ၆ ရက်က အနီရောင်ပြောင်းလဲ စီးဆင်းခဲ့မှုများ ဖြစ်ပေါ်ခဲ့၍ ဒေသခံပြည်သူများ စိုးရိမ်မှုဖြစ်ပေါ်နေကြောင်း သိရသည်။
အဆိုပါ ဇုတ်လန်ချောင်းသည် ချီဖွေမြို့နယ်အတွင်းရှိ ပန်ဝါနှင့် ချီဖွေမြို့တို့ကိုဖြတ်၍ မေခမြစ်အတွင်းသို့ စီးဝင်သော ချောင်းဖြစ်ပြီး ချောင်း၏အထက်ဘက်တွင်ရှိသည့် သတ္ထုတူးဖော်ရေး လုပ်ငန်းများမှစွန့်ပစ်သည့် ဓာတုပစ္စည်းများနှင့် ချောင်းရေများဓာတ်ပြုပြီး ချောင်းအတွင်းစီးဝင်းခြင်းများ ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြကာ ချောင်းရေအနီရောင် ပြောင်းလဲစီးဆင်းခဲ့သည်မှာ ဒီဇင်ဘာ ၆ ရက်မှစ၍ သုံးရက်ခန့်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဇုတ်လန်ချောင်းရေ အရောင်ပြောင်းလဲ စီးဆင်းခဲ့မှုနှင့်ပတ်သက်၍ ချီဖွေမြို့ရှိ ဒေသခံတစ်ဦးဖြစ်သူ ဦးခေါင်စိန်က "ဇုတ်လန်လမ်းခွဲ အထက်ဘက်မှာ ဖြစ်နေတာပါ၊ အဲဒီရက်မှာ ရေကသွေးလိုလို အနီရောင်ပြောင်းပြီး စီးဆင်းခဲ့တာပါ၊ ဇုတ်လန်ချောင်းရေ နောက်နေတာကတော့ သုံးနှစ်လောက်ရှိပါပြီ၊ အဲဒီချောင်းရေကိုသောက်မိတဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေဟာလည်း ပိန်လှီတာတွေဖြစ်လာသလို ချောင်းကရှာဖွေရရှိတဲ့ ငါးတွေဟာလည်း အဆီအနှစ်မရှိတော့ပဲ အရိုးတွေကအစ မာတောက်တောက် ဖြစ်လာတာပါ၊ အခုတော့ အဲဒီချောင်းမှာ ဘယ်သူမှငါးရှာ မစားတော့ပါဘူး" ဟု ပြောသည်။
ချီဖွေချောင်းနှင့် မေခမြစ်အတွင်းမှ နှစ်စဉ် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ထွက်ရှိသော သဘာဝဆေးဘက်ဝင် ရေညှိစိမ်းပင်များမှာလည်း စားသုံးမည့်သူမရှိတော့ကြောင်းနှင့် ဒေခံများအနေဖြင့် အဆိုပါချောင်းရေ အရောင်ပြောင်းခြင်းအတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်း ဒေသခံများထံမှ သိရသည်။
ဝင်းနိုင်(ကချင်မြေ)