နေပြည်တော် ၁၄ ဒီဇင်ဘာ

 

မုံရွာ-ယာကြီး-ကလေးဝလမ်း အဆင့်မြှင့်တင်မှုစီမံကိန်းနှင့် မလွတ်ကင်းသော မြေယာများအတွက် လျော်ကြေးပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကြာပင်ကျေးရွာ၌ ကျင်းပသည်။

 

4

 

မြေယာလျော်ကြေးပေးအပ်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီးဦးကျော်လင်းက မုံရွာ-ယာကြီး-ကလေးဝလမ်း ဖြစ်တည်လာပုံအကျဉ်းချုပ်နှင့် လမ်းကွန်ရက်အခြေအနေများကို ရှင်းလင်းပြောကြားကာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က မြေယာလျော်ကြေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဖြိုးဖြိုး၊ ဒုတိယဝန်ကြီးဦးကျော်လင်း၊ တိုင်းဒေသကြီး အစိုးရ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန့်ညွှန့်ဝင်းနှင့် ဒေသခံလွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်တို့က ဒေသခံတောင်သူများအား မြေယာလျော်ကြေးများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် မြေယာလျော်ကြေးငွေရရှိသော တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ကြာပင်ကျေးရွာမှ ကလေးဝလမ်း မိုင်(၈၅/၆)ရှိ ကျောက်တန်းလမ်းစခန်းသို့ ရောက်ရှိရာ အဆိုပါစခန်းတွင် ယာကြီး-ကလေးဝလမ်း အဆင့်မြှင့်တင်ခြင်းကို တာဝန်ယူဆောင်ရွက်နေသော အိန္ဒိယနိုင်ငံ National Highways Authority of India (NHAI) မှ တာဝန်ရှိသူက စီမံကိန်းစတင်ဆောင်ရွက်မှု၊ လုပ်ငန်းစီမံချက်နှင့်ပြီးစီးမှုများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လမ်းဒီဇိုင်းနှင့် Road Profile များနှင့်ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး အိန္ဒိယကုမ္ပဏီဘက်မှ တွေ့ကြုံနေရသော အခက်အခဲများနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။

 

4

 

ဆက်လက်၍ မိုင်(၉၅/၄) နှင့်မိုင် (၉၆/၄)အနီးတို့တွင် စက်ယန္တရားများဖြင့် မြေသားလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

 

မုံရွာ-ယာကြီး-ကလေးဝလမ်းသည် စုစုပေါင်း(၁၁၅)မိုင်ရှိပြီးမုံရွာမှ ယာကြီးအထိမိုင်(၄၀)ကို BOT စနစ်ဖြင့် မုံရွာအုပ်စုကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ယာကြီးမှ ကလေးဝအထိ (၇၅)မိုင်ကို Grant Aid အကူအညီဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစတင်၍ အိန္ဒိယနိုင်ငံ(NHAI)မှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ မြေသားလမ်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းတစ်ခုလုံး၏ (၁၂)ရာခိုင်နှုန်းပြီးစီးလျက်ရှိသည်။ (၂၄)ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းအဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

 

သတင်းစဉ်