နေပြည်တော် ၁၄ ဒီဇင်ဘာ

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မင်းကံကြီးရပ်ကွက်၊ အနော်ရထာလမ်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူရုံး တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိပြီး ရုံးအဆောက်အအုံ တည်ဆောက်နိုင်ရေးအတွက် မြေပြင်အခြေအနေကို ကြည့်ရှုစစ်ဆေးရာ မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်းနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရုံးအဆောက်အအုံ ဆောက်လုပ်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ရရှိပြီးဖြစ်၍ ရုံးအဆောက်အအုံ ဆောက်လုပ်ရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အပ်နှံထားပြီးဖြစ်ပါကြောင်း၊  ပြည်သူ့ဘဏ္ဍာငွေကို အကျိုးရှိ ထိရောက်စွာ အသုံးချသည့် အစီအမံများဖြစ်သည့် တိကျစွာ သိရှိဆုံးဖြတ်နိုင်မှု၊ အရည်အသွေးနှင့်စံကို ကြိုတင်သတ်မှတ်နိုင်မှု၊ သတ်မှတ်သည့် လိုအပ်ချက်များနှင့် ကိုက်ညီမှု၊ အရည်အသွေးအဆင့်အတန်းမီမှု၊ ရေရှည်ထိန်းသိမ်းမှုစနစ်၊ ဘတ်စုံထောင့်စုံ ကဆန်းစစ်ခြင်း၊ နားလည်တတ်ကျွမ်းသူများ၏ အကူအညီရယူခြင်းစသည့် တည်ဆောက်ရေးလုပ်ငန်းများ၏ အစီအမံများကို အစိုးရအဖွဲ့မှ ကြီးကြပ်၍ ဘဏ္ဍာနှစ်အတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်၊ ဒေသနှင့်ကိုက်ညီသော အခင်းအကျင်းများ၊ ပတ်ဝန်းကျင် မြေပြင်အခြေအနေနှင့်အညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

 

အဆောက်အအုံကို ပေ (၆၀ x ၈၀)သံကူကွန်ကရစ် ၂ ထပ် တည်ဆောက်ခြင်း အပါအဝင် ခြံစည်းရိုးကာရံခြင်း၊ အဝင်ဂိတ်တံခါး ပြုလုပ်ခြင်း၊ ကွန်ကရစ်အဝင် လမ်းခင်းခြင်း၊ ကားပါကင်ခင်းခြင်း၊ ပြင်ပရေ သွယ်တန်းခြင်း (အဝီစိတွင်းတူးခြင်း၊ Pump house)၊ ပြင်ပလျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၂ နာရီတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးရှိ ဒေသခံတိုင်းရင်းသားများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၏ ရည်ရွယ်ချက်အရ တိုင်းရင်းသားလူမျိုးအားလုံး နိုင်ငံသားအခွင့်အရေးများ ရရှိစေပြီး တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝ ရရှိခံစားနိုင်ရေး အပါအဝင် တိုင်းရင်းသားစာပေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းလူမျိုး မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူငယ်များစာတတ် ပညာတတ်ကြမှသာ အတွေးအခေါ် မှန်ကန်ပြီး ကိုယ့်အကျိုး အများအကျိုး ခွဲခြားနိုင်၍ မှန်ကန်မြင့်မြတ်သောစိတ်ထားဖြင့် တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှသော အကျိုးကို ရှေ့တိုးဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများကို လက်နက်ကိုင် ဖြေရှင်းခြင်းမပြုဘဲ စကားဝိုင်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာကြသည့် ယဉ်ကျေးမှုကို ကျင့်သုံး၍ မိမိတို့အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ညှိနှိုင်းတိုင်ပင်ကာ ပြည်ထောင်စုစိတ်ဓာတ် မွေးမြူကြမှသာ ငြိမ်းချမ်းမှုရရှိ နိုင်မည်ဖြစ်ပါကြောင်း၊ မည်သည့်ဒေသတွင် ရောက်ရှိနေထိုင်ကြသည်ဖြစ်စေ တိုင်းရင်းသား လူမျိုးများအချင်းချင်း နားလည်မှု ချစ်ခင်မှု အပြန်အလှန်ရိုင်းပင်း ကူညီမှုရှိမှသာ ထာဝစဉ်ငြိမ်းချမ်းသည့် ဟန်ချက်ညီသော ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးလှထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ချင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတို့က ဖြည့်စွက် ရှင်းလင်းသည်။

 

mdn

 

မကွေးတိုင်းဒေသကြီးတွင် အရှိုချင်း၊ ဥ(ပ်)ပူးချင်း၊ ဒိုင်ရင်ဒူးချင်း၊ ချိုးချင်း၊ ဟားခါး ချင်းတိုင်းရင်းသားများ နေထိုင်ကြပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ (၂၀)ကျော်ရှိကြောင်း သိရသည်။

 

သတင်းစဉ်