စဉ့်ကိုင် ၁၅ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မဲဇာရွာနှင့် သင်ကတုန်ရွာတွင် မြက်ဖျာရက်လုပ်သည့်လုပ်ငန်းဖြင့် တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေဖော်ဆောင်လျက်ရှိရာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မဲဇာရွာနှင့် သင်ကတုန်ရွာရှိ မိသားစုအများစုမှာ တောင်သူလုပ်ငန်းနှင့် တွဲဖက်လုပ်ကိုင်ကြပြီး တောင်သူနားချိန်တွင် ပိုမိုတွင်ကျယ်စွာ ရက်လုပ်ပြီး ဒေသအနှံ့ ဖြန့်ချိရောင်းချကြသည်။ မြက်ဖျာရက်လုပ်ရန်အတွက် အဓိကကုန်ကြမ်းမှာ အင်းအိုင်များ၊ ကန်များအတွင်း ပေါက်ရောက်သည့် ဒေသအခေါ် ဆီမီးတိုင် (ခေါ်) ရှင်မွေးလွန်းမြက်ကို အသုံးပြုကြရသည်။ ရှင်မွေးလွန်းမြက်မှာ မြက်ဖျာရက်လုပ်ပါက နွေတွင်အေးပြီး ဆောင်းတွင်းပိုင်းတွင် နွေးသည့်သဘာဝဓာတ်ရရှိသည်။ မြက်ကုန်ကြမ်းကို ကိုယ်တိုင်ရိတ်ခြင်း မြက်ရိတ်ရောင်းသူများထံမှလည်း တစ်ဆင့်ဝယ်ယူ သိုလှောင်ခြင်းများပြုလုပ်ကာ တစ်နှစ်ပတ်လုံး ရက်လုပ်ကြသည်။ ဆီမီးတိုင် မြက်အခြောက် တစ်ထုပ်လျှင် ငွေကျပ်ငါးထောင်ပေးရသည်။
မြက်ဖျာရက်လုပ်မှုတွင် လက်လုပ်သစ်သားလက်ခတ် (၁၉) ပေါက်ပါ အရွယ်အစား၊ ၂၁ ပေါက်ပါ အရွယ်အစားများအဖြစ် နှစ်မျိုးရက်လုပ်ပြီး ထန်းလက်ဖြင့် လွန်းပြုလုပ်ကာ ရက်လုပ်ကြရသည်။ ယခင်က ကြိုးများကို သီးသန့်လွန်းကာ ရက်လုပ်သော်လည်း လက်ရှိကာလတွင် ပလတ်စတစ်ကြိုးကို အသုံးပြုကာ ရက်လုပ်ကြသည်။
လူတစ်ဦးတစ်နေ့လျှင် မြက်ဖျာ (၇) ချပ်အထိပြီးစီးသည်။ မြက်ဖျာရက်လုပ်မှုတွင် အဆင်ဒီဇိုင်း လှပရန်အတွက် မြာ ဟုခေါ်သောမြက်ကို ချည်ဆိုးဆေးများဖြင့် အနီ၊ အစိမ်း၊ ခရမ်း၊ အပြာနှင့် အခြားအရောင်များဆိုးကာ တစ်ထွာခြား ထည့်သွင်းရက်လုပ်ကာ အကွက်ဖော်လေ့ရှိသည်။ ဈေးကွက်တွင်ရောင်းချသော မြက်ဖျာများကို အလျားသုံးတောင်နှင့်တစ်ထွာ၊ အနံနှစ်တောင် အရွယ်အစား ရက်လုပ်ပြီး တန်းလျားခုံ၊ ထိုင်ခုံများခင်းရန်အတွက် သီးသန့်ရက်လုပ်ပေးခြင်းများလည်း ရှိသည်။
မြက်ဖျာရက်လုပ်မှုတွင် ဆီမီးတိုင် (ခေါ်) ရှင်မွေးလွန်းမြက်ဖြင့် ရက်လုပ်သည့် မြက်ဖျာအကြမ်းနှင့် မြာ မြက်ဖြင့် ရက်လုပ်သော မြက်ဖျာအနု ဟူ၍ နှစ်မျိုးရက်လုပ် ရောင်းချလျက်ရှိရာ မြက်ဖျာအနုတစ်ချပ်လျှင် ငွေကျပ် ၄၅၀၀ ဖြင့် ရောင်းချပြီး မြက်ဖျာအကြမ်း တစ်ချပ်လျှင် ငွေကျပ် ၁၅၀၀၊ ၂၀၀၀၊ ၂၅၀၀ အထိ လက်ရာအလိုက် ဈေးအမျိုးမျိုးဖြင့် ရောင်းချလျက်ရှိသည်။ မဲဇာမြက်ဖျာ ဈေးကွက်မှာ တစ်နှစ်ပတ်လုံး ရောင်းအားကောင်းပြီး ရွာထဲတွင်ပင် ဖောက်သည်ယူသူ၊ ငွေကြိုတင်ပေးသူများလည်း ရှိသည်။
လက်ရှိကာလတွင် စဉ့်ကိုင်မြို့နယ် သင်ကတုန်ရွာနှင့် မဲဇာရွာတို့တွင် မြက်ဖျာလုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေရရှိစေရန် ဖော်ဆောင်လျက်ရှိကြောင်း မဲဇာရွာမှ မြက်ဖျာရက်လုပ်သူတစ်ဦးက ရှင်းပြသည်။
တိမ်တမန်