မုံရွာ ၁၅ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မုံရွာစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် (၉)ကြိမ်မြောက် လူထုစုပေါင်းစီးနင်းပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ယနေ့ နံနက် ၆ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်လူရွယ်ထုအတွင်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်နိုင်ရန်၊ ကာဗွန်ထုတ်လွှင့်မှု လျှော့ချပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန်၊ စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရေး အသိပညာဗဟုသုတများ ရရှိစေရန်အတွက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြိုင်ပွဲအား ခရာမှုတ်ဖွင့်လှစ်ပေးရာ စက်ဘီးစီးသမားများက ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် မြောက်ဘက်ခြမ်း အိုးဘိုတောင်ရပ်ကွက်ရှိ အောင်မင်္ဂလာအဝိုင်း အနောက်ဘက်သို့ ကွေ့ကာ ကားနားလမ်းအတိုင်း တောင်ဘက်ရှိ မြို့ပတ်လမ်းမှ မြန်မာ့စီးပွားရေးဘဏ် လမ်းဆုံမှတစ်ဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ပြည်သူ့အားကစားကွင်း အရှေ့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့် စက်ဘီးစီးပွဲပါဝင်သူများကို ပြိုင်ပွဲဝင်စက်ဘီးသုံးစီးအား မဲနှိုက်ပေးခဲ့ကြောင်း သိရသည်။
(၉)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကာ ဒီဇင်ဘာ (၂၉)ရက်တွင် (၁၀)ကြိမ်မြောက်အဖြစ် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)