ဘားအံ ၁၅ ဒီဇင်ဘာ

 

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲက ဘားအံမြို့နယ်၊ သံလွင်အနောက်ခြမ်း ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရသေ့ပျံကျေးရွာ အလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများအား အားကစားပစ္စည်းများ၊ စာရေးကိရိယာများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ရသေ့ပျံတိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိသုဒိအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် ရသေ့ပျံတိုက်ကျောင်း ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသ၏လိုအပ်ချက်များအား မေးမြန်းရာ တက်ရောက်လာကြသော ရသေ့ပျံ၊ ဆင်ကျုံး၊ တောကြီးကုန်း၊ နှစ်ခြား၊ ဘားကပ်၊ အလဝံကုန်းနှင့် ပန်းကုံးကျေးရွာတို့မှ ဒေသခံများက ကျေးရွာချင်းဆက်လမ်း၊ ရွာတွင်းလမ်း အစရှိသည့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များ၊ ကျောင်းဆောင်သစ်နှင့် ကျောင်းခြံစည်ရိုး၊ စာသင်ခုံကဲ့သို့သော ပညာရေးလိုအပ်ချက်များ တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကျေးရွာများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်တိုင်းတာစစ်ဆေးခြင်းကို လက်တွေ့သရုပ်ပြသခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့ စွမ်းအားအရင်းအမြစ်ဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကော့ပတိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ပရဝုဏ်အတွင်း Strength Business Group Co.,Ltd ၏ ကူညီပံ့ပိုးမှုဖြင့် အမှတ်(၂) ဘိလပ်မြေစက်ရုံ(တန်-၄၀၀၀)မှ စက်ရေတွင်း(တွင်းနက်) တူးဖော်ပေးနေမှု၊ ငှက်ပျောတောကျေးရွာတွင် ဆည်‌မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အနက်ပေ ၁၈၈ ပေတွင် တစ်နာရီလျှင် ဂါလံ ၃၂၀၀ ကျော်ထိထွက်ရှိသည့် စက်ရေတွင်း(တွင်းနက်) တူးဖော်အောင်မြင်မှု အခြေအနေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်တူးတွင်းတူးဖော်ပေးမှုအခြေအနေ၊ အများသုံး ရေတိုင်များပါဝင်သည့် အမြင့်တင်ရေစင်ဆောက်လုပ်ပေးနေမှု အခြေအနေနှင့် နတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းပရဝုဏ်အတွင်း Strength Business Group Co.,Ltd ၏ ကူညီပံ့ပိုးမှုဖြင့် စက်ရေတွင်း(တွင်းနက်) တူးဖော်အောင်မြင်ခဲ့သည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)