ကြံခင်း ၁၅ ဒီဇင်ဘာ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဟင်္သာတခရိုင်ရုံးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းနှင့် မော်တော်ဆိုင်ကယ်၊ ကားလိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၁၄ ရက်က ကြံခင်းမြို့ သာသနာ့ဗိမာန်တော်တွင် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ယခုလိုဆောင်ရွက်ပေးခြင်းဖြင့် အများပြည်သူတို့၏ မော်တော်ဆိုင်ကယ်၊ ကားလိုင်စင်များ သက်တမ်းတိုးပြီး စည်းကမ်းတကျ သွားလာနိုင်ခြင်း၊ ပြည်သူများ နစ်နာမှုအခွင့်အရေးများအတွက် တစ်ပါးသူထိခိုက်မှုအာမခံ ပရီမီယံကြေး တစ်ပါတည်းပါဝင်ဆောင်ရွက်ပေးခြင်း၊ လိုင်စင်များ လွယ်ကူစွာ ချောမောစွာ ရရှိနိုင်ရေးရည်ရွယ်၍ ဆောင်ရွက်ပေးကြောင်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှုဦးစီးဌာန ဟင်္သာတခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေးက ရှင်းလင်းပြောကြားပြီး  ဟင်္သာတခရိုင်ရုံး စစ်ဆေးရေးမှူး(၂) ဦးဇော်စိုးထွန်းက မော်တော်ဆိုင်ကယ်နှင့် ကားမောင်းသူများ သိထားသင့်သည့် ယာဉ်စည်းကမ်းများကို အသိပညာပေးဟောပြောခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဘီးခွန်လိုင်စင်များ ဆောင်ရွက်ပေးခြင်း၊ မြန်မာ့အာမခံလုပ်ငန်း ဟင်္သာတခရိုင်ရုံးမှ တစ်ပါးသူထိခိုက်နစ်နာမှု အာမခံပရီမီယံကြေးများ လာရောက်ကောက်ခံပေးခြင်းများကိုလည်း တစ်ပါတည်းဆောင်ရွက်ပေးပြီး ဆိုင်ကယ်မောင်း (က)လိုင်စင် ၁၁၀ စီး၊ ဆိုင်ကယ်လိုင်စင်သက်တမ်းတိုး ၃၆၀ စီး၊ မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုး ၃၀ စီး ပြုလုပ်ပေးခဲ့ရကြောင်း သိရသည်။  

မိုးမိုး (ပြန်/ဆက်)