ဟင်္သာတ ၁၅ ဒီဇင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မေဃဝတီပရိယတ္တိ စာသင်တိုက်အတွင်းရှိ ဓမ္မာရုံတွင် ယာယီအပူဇော်ခံထားရှိမည့် သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ပွားကို ယနေ့နံနက် ၉ နာရီက နိုင်ငံတော်သံဃာနာယကအဖွဲ့ဝင် မေဃဝတီဆရာတော် ဘဒ္ဒန္တသုမနာဘိဝံသ ဦးဆောင်မှုဖြင့် ရဟန်းရှင်လူပြည်သူများ၊ ဌာနဆိုင်ရာများက ဟင်္သာတ-ဇလွန်သွား ကားလမ်းမကြီး မြို့အဝင်ဆိုင်းဘုတ်မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကြိုဆိုပူဇော်ပင့်ဆောင်ခဲ့ကြသည်။

 

24

 

ယင်းနောက် မေဃဝတီဓမ္မာရုံတွင် သီရိလင်္ကာနိုင်ငံမှ ဆရာတော်ဘဒ္ဒန္တ အနုရုဒ္ဒါမဟာထေရ် အရှင်မြတ်က ဗုဒ္ဓမြတ်စွယ်တော်ပွားကို နိုင်ငံတော်သံဃာနာယကအဖွဲ့ဝင် မေဃဝတီဆရာတော် ဘဒ္ဒန္တသုမနာဘိဝံသထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ဝမ်းမြောက်စကားလျှောက်ထား၍ ဧည့်ပရိတ်သတ်များက နိုင်ငံတော်သြဝါဒစရိယ ဖျာပုံမြို့ဆရာတော် ဘန္ဒန္တဝေပုလ္လဆရာတော်ထံမှ ငါးပါးသီလခံယူပြီး ပင့်သံဃာတော်များနှင့် သီရိလင်္ကာနိုင်ငံမှ ဆရာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်ခဲ့သည်။

 

25

 

သီရိလင်္ကာနိုင်ငံမှ ဆရာတော်များကိုယ်တိုင် ပင့်ဆောင်ပူဇော်ပေးပို့လှူဒါန်းသည့် ဗုဒ္ဓမြတ်စွယ်တော်ပွားကို မေဃဝတီဓမ္မာရုံတွင် ခုနစ်ရက်ကြာ ယာယီအပူဇော်ခံထားရှိပြီး အဆိုပါကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် တိလောကနန္ဒာစေတီတော်မြတ်၏ ကဏ္ဍကုဍီတိုက်တွင် ထာဝရကိန်းဝပ် အပူဇော်ခံထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

26

 

အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်ပွားကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော နိုင်ငံတကာဗုဒ္ဓဘာသာညီလာခံသို့ ကြွရောက်ခဲ့သည့် ဖျာပုံမြို့၊ မော်လမြိုင်ကျွန်းမြို့နှင့် ဟင်္သာတမြို့က ဆရာတော်ကြီးများက ညီလာခံတွင် တွေ့ဆုံခဲ့သည့် သီရိလင်္ကာနိုင်ငံ(ကန္ဒီစွယ်တော်တိုက်) နာယကဆရာတော်ထံ ဗုဒ္ဓမြတ်စွယ်တော်ပွား ပူဇော်ခွင့်ရရှိနိုင်ရန် လျောက်ထားတောင်းပန်ခဲ့မှုကြေင့် သီရိလင်္ကာနိုင်ငံမှ ဆရာတော်ကြီးများကိုယ်တိုင် စွယ်တော်အစစ်နှင့်အတူ ကိန်းဝပ်တော်မူသော ဗုဒ္ဓလက်ဝဲအောက်မြတ် စွယ်တော်ပွားများကို ပင့်ဆောင်ပူဇော်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)