ဒေးဒရဲ  ၁၅   ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဖျာပုံခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်က ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် တော်ကျိုက်ကျေးရွာ ဒေးဒရဲတောင်ကွင်းရှိ Jeong Ho Internationl Company Limited (Garment Factory) အထည်ချုပ်စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

 

ရှေးဦးစွာ အထည်ချုပ်စက်ရုံအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဧည်တော်များ၊ အထည်ချုပ်စက်ရုံပိုင်ရှင် Mr. Chang Dong Yeon တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူလျှက် ပထမပိုင်းအခမ်းအနား ပြီးမြောက်ခဲ့သည်။

 

ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား အထည်ချုပ်စက်ရုံခန်းမအတွင်း၌ ကျင်းပရာ တိုင်းဒေးသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်မှခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီးကို တည်ဆောက်လျှက်ရှိရာမှ ပြုပြင်ပြောင်းလဲမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ပြီး အချို့ကဏ္ဍများမှာ ထင်ထင်ရှားရှား တွေ့မြင်ရမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာနိုင်ငံတော် အကြီးအကဲများမှ နိုင်ငံရေရှည်တည်တံ့ ခိုင်မြဲပြီးဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အတည်ပြုဆောင်ရွက်လျှက်ရှိကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒသည် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော အစဉ်အဆက်မပြတ် တိုးတက်မှု ရရှိစေရန်ဖြစ်ပါတယ်၊ အခုလို အထည်ချုပ်စက်ရုံ လာရောက်ဆောက်လုပ်ခြင်းအားဖြင့် နိုင်ငံတော်၏စီးပွားရေး မူဝါဒမျှော်မှန်းချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး (MSDP)၏ တတိယရည်မှန်းချက်ပါအတိုင်း အလုပ်အကိုင် ဖန်တီးရေးကိုဆောင်ရွက်ရာရောက်ပြီး မိမိမြို့နယ်မှာ အခြေခံလူတန်းစားများ၏ အလုပ်အကိုင်အခွင့်အလမ်းတွေ အပေါ်ပေါက်လာတယ်၊ အလုပ်ရှားပါးတဲ့ပြဿနာတွေလျော့ နည်းလာမယ်၊ ယခုမိမိဒေသ၊ မိမိမိသားစုနှင့်မခွဲခွါရဘဲ အလုပ်အကိုင်များရရှိလာမယ်၊ မိသားစုဘဝရပ်တည်ရေး ခက်ခဲပင်ပန်းမှု မရှိတော့ဘူးဆိုရင် မိသားစုစီးပွားရေး တိုးတက်လာမယ်၊ ထိုမှတစ်ဆင့်မြို့နယ်၊ တိုင်း၊ နိုင်ငံတော်မှာ စီးပွားရေးအခက်အခဲနဲ့ ဆင်းရဲမှုတွေပပျောက်လာမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး Jeong Ho Internationl Company Limited (Garment Factory) အထည်ချုပ်စက်ရုံ တာဝန်ရှိသူတစ်ဦးက စက်ရုံတည်ဆောက်မှုအပိုင်း၊ စပ်သပ်လည်ပတ်မှုအပိုင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် သံဒင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားပြီးဆုံးကြောင်း သိရှိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဧည်သည်တော်များသည် အထည်ချုပ်စက်ရုံအတွင်း လည့်လည်ကြည်ရှု ခဲ့ကြသည်။

 

အဆိုပါကိစ္စနှင့် ပတ်သက်၍ Jeong Ho Internationl Company Limited (Garment Factory) မှ HR မန်နေဂျာ ဒေါ်မြင့်မြင့်မော်က ၂၀၁၈ ခုနှစ်မှစတင်၍ စက်ရုံလုပ်သား (၅၀)ဖြင့် စတင်စမ်းသပ် လည်ပတ်ခဲ့ကြောင်း ၂၀၁၉ ယခုနှစ်တွင် စက်လိုင်း ၅ လိုင်းမှ ၁၀ လိုင်းအထိ တစ်လိုင်းလျှင်လုပ်သား ၃၀ ဦးဖြင့် လုပ်သား(၃၀ဝ) ခန့်ဖြင့် စတင်လည်ပတ်နေပြီဖြစ်ကြောင်း၊ ဒုတိယနှစ်တွင် စက်လိုင်းများ ထပ်မံတိုးချဲ့ပြီး လုပ်သား(၇၀ဝ) အထိ အလုပ်အကိုင် ထပ်မံရရှိနိုင်မည်ဖြစ်ကြောင်း နောက်သုံးနှစ်အတွင်း၍ လုပ်သားဦးရေ (၃၀ဝ၀)ခန့် အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်မည့် အထည်ချုပ်စက်ရုံသစ် တစ်ရုံထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်းနှင့် ယခုအထည်ချုပ်စက်ရုံမှ အာရှနိုင်ငံများသို့ အဝတ်အထည်အမျိုးမျိုးကို ချုပ်လုပ်တင်ပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

သတင်း -ခရိုင်ပြန်/ဆက်

ဓာတ်ပုံ -အောင်ဝင်းနိုင်၊စိုးမင်းဦး