ရန်ကုန် ၁၅ ဒီဇင်ဘာ
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ (၂၅)ကြိမ်မြောက်၊ ရဲချုပ်တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီတွင် လှည်းကူးမြို့နယ်၊ အမှတ်(၁) စစ်အခြေခံလေ့ကျင့်ရေးတပ် (မင်းတုန်း)ရှိ သေနတ်ပစ်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဦးစီးဌာနကြီးများမှ အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးများနှင့် ဇနီးများ၊ ပြိုင်ပွဲဝင်အမျိုးသား (၄၁)သင်း၊ အမျိုးသမီး(၂၆)သင်းမှ ယှဉ်ပြိုင်သူအင်အား (၅၄၇)ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက မိန့်ခွန်းပြောကြားပြီးနောက် ဗိုလ်လုပွဲပစ်ခတ်စဉ် (၅)ခုအား ကြည့်ရှုအားပေး၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ တက်ရောက်လာသော ဒုတိယဝန်ကြီးနှင့် ရဲချုပ်၊ ရဲအရာရှိကြီးများ၊ ဇနီးများက ၉ မမ ပစ္စတို(အမျိုးသမီး)ပစ်ခတ်စဉ်ဆု၊ BA 94 (အမျိုးသမီး) ပစ်ခတ်စဉ်ဆု၊ ၉ မမ ပစ္စတို(အမျိုးသား) ပစ်ခတ်စဉ်ဆု၊ BA 94 (အမျိုးသား)ပစ်ခတ်စဉ်ဆု၊ BA 64 (အမျိုးသား)ပစ်ခတ်စဉ်ဆု၊ BA 63 မောပန်း (အမျိုးသား)ပစ်ခတ်စဉ်ဆု၊ အကောင်းဆုံးသေနတ်သမား (အမျိုးသား/အမျိုးသမီး)ဆု၊ တတိယဆု၊ ဒုတိယဆုနှင့် အသင်းလိုက်တံခွန်စိုက် (တတိယ၊ ဒုတိယ၊ ပထမ) ဆုတို့ကို ဆက်လက်ချီးမြှင့်ခဲ့သည်။
၂၀၁၉ ခုနှစ် (၂၅)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်းသေနတ်ပစ်ပြိုင်ပွဲတွင် တံခွန်စိုက် ဒိုင်းဆုကို သတင်းရဲတပ်ဖွဲ့မှ ရရှိခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။
(သတင်းစဉ်)