မင်းဘူး ၁၅ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မကွေး) တွင် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ဗဟို)မှ ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က မကွေးတက္ကသိုလ် Theatre ဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း(ဗဟို)မှ အမှုဆောင်အဖွဲ့ဉက္ကဋ္ဌ ဒေါ်မေယဉ်ထွန်းမှ အသင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းစဉ်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမြသီတာမှ ရင်ခွင်မဲ့ကလေးလျှော့ချရေး အသိပညာပေးခြင်းနှင့် အခြေခံမျိုးဆက်ပွား အသိပညာပေး ဟောပြောခြင်း၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါက်တာပြုံးမိုအိ က သားဆက်ခြားနည်းလမ်းများအကြောင်းကို တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့သည်။
“ကျွန်မတို့က ကျောင်းသား/ကျောင်းသူများကို မေးခွန်းများမေးမြန်းပြီး အပြန်အလှန် ဆွေးနွေးပွဲများ ပြုလုပ်ပါမယ်၊ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု(၇)ဆု ပေးအပ်သွားမှာဖြစ်ပြီး ပထမဆု ငွေကျပ် (၁၅၀၀၀၀)ကျပ်၊ ဒုတိယဆု ငွေကျပ် (၁၀၀၀၀၀)၊ တတိယဆု ငွေကျပ်(၅၀၀၀၀) ချီးမြှင့်သွားမှာ ဖြစ်ပါတယ်” ဟု ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း မကွေးတိုင်းဒေသကြီး၊ တိုင်းဉက္ကဋ္ဌ ဒေါက်တာဖြူဖြူထွန်း က ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ တက္ကသိုလ်များမှ ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)၊
ဓာတ်ပုံ - ထင်အောင်နိုင်(ပြန်/ဆက်)