နေပြည်တော် ၁၅ ဒီဇင်ဘာ
ရွှေမင်းဝံသာသနာ့ရိပ်သာ မဟာဓမ္မဗိမာန်တော်ကြီးနှင့် ဓာတ်လှေကားဖွင့်ပွဲ ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ရှိ အဆိုပါ ရိပ်သာဝင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မဟာဓမ္မဗိမာန်တော်ကြီးကို ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ရွှေမင်းဝံသာသနာ့ရိပ်သာများ၏ ပဓာနမဟာနာယက မဟာစည်သြဝါဒါ စရိယ ပြည်တွင်း ပြည်ပ သာသနာပြု ရွှေမင်းဝံဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တသောဘန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မဟာဓမ္မဗိမာန်တော်ကြီး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး မဟာဓမ္မဗိမာန်တော်ကြီး ကမ္ပည်းကျောက်စာကို အမွှေးနံ့သာရည်ပက်ဖျန်းပေး၍ ဓာတ်လှေကားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ရွှေမင်းဝံဆရာတော် အမှူးပြုသော ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက နာယူကြပြီး ဆရာတော်သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ရွှေမင်းဝံသာသနာ့ရိပ်သာ ဂေါပကအဖွဲ့အတွင်းရေးမှူးက မဟာဓမ္မ ဗိမာန်တော်ကြီး တည်ဆောက်ခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရွှေမင်းဝံဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
(သတင်းစဉ်)