မကွေး ၁၅ ဒီဇင်ဘာ
မကွေးတက္ကသိုလ်တွင် ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်ကျင်းပလျက်ရှိသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်မှ တက္ကသိုလ် ဒီဂရီကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ အားပါးတရ စိတ်ဝင်တစား လာရောက်ပါဝင်ဆင်နွှဲကြသဖြင့် ပွဲတော် ဒုတိယနေ့တွင် အထူးစည် ကားလျက်ရှိသည်။
ပွဲတော်ဒုတိယနေ့တွင် နံနက် ၈ နာရီမှစ၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများသည် မော်တော်ယာဉ်များဖြင့် ရောက်ရှိလာကြပြီး ပွဲတော်အတွင်း ပြသထားသည့် သုတရသဆိုင်ရာ ပြခန်းများ၊ စကားဝိုင်းဆွေနွေးပွဲများနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများတွင် ဝင်ရောက်ကြည့်ရှုလေ့လာခြင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ၊ ဆောင်ရွက်ကြကာ ပုံတူပန်းချီရေးဆွဲခြင်း၊ ပန်းပုရုပ်ထုများအား လက်တွေ့ထုဆစ် သရုပ်ပြခြင်းများတွင် စိတ်ပါးဝင်စားစွာ ဝင်ရောက် ပါဝင်ဆင်နွဲကြသည်။
ထို့ပြင် ပွဲတော်အထိမ်းအမှတ်အဖြစ် ရောင်စုံပန်းများဖြင့် ပုံဖော်ခင်းကျင်း ပြင်ဆင်ထားသည့် ဆိုင်းဘုတ်များ စာတန်းနေရာများနှင့် ဘွဲ့နှင်းသဘင်ခန်းမရှေ့တို့တွင် အမှတ်တရဓာတ်ပုံများ၊ တပျော်တပါး ရိုက်ကူးကြကာ ဘွဲ့နှင်းသဘင်ခန်းမအတွင်း၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနတို့မှ ခင်းကျင်းပြသထားသည့် သမိုင်းဆိုင်ရာစာအုပ်များနှင့် ကဗျာလွတ်နှင့် တိုင်းရင်းသားရိုးရာ အကများ သရုပ်ပြ ကခြင်းများကို ဝင်ရောက်ကြည့်ရှုကြသည်။
“ဒီလိုပွဲတော်ကြီးကို ကျွန်မတို့မကွေးတက္ကသိုလ်မှာ ကျင်းပပေးတဲ့အတွက် ခွဲခွာနေရတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ပြီးတွေ့ဆုံခွင့် ရတဲ့အပြင် ဆရာ ဆရာမ တွေနဲ့လည်း ပိုပြီးရင်းနှီးခွင့် ရရှိတဲ့အတွက် ဝမ်းသာကြည်နူးရပါတယ်၊ ပြခန်းတွေထဲမှာ ကျွန်မဖြစ်ချင်တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြသထားတဲ့ သူနာပြုဆိုင်ရာပြခန်းကို စိတ်ဝင်စားပါတယ်၊ ပွဲတော် နှစ်ရက်တာ ကာလအတွင်း လေ့လာကြည့်ရှုပြီးတဲ့အချိန်မှာ ပညာရေးအတွက် ရွေးချယ်စရာ တွေးစရာအမြင်သစ်တွေ ရရှိခဲ့ပါတယ်၊ နည်းပညာတက္ကသိုလ်က ပြသထားတဲ့ လက်တွေ့စမ်းသပ်ချက် တွေကလည်း လူငယ်တွေအတွက် အားရကျေနပ်စရာ ကောင်းပါတယ်၊ ဒီလိုပွဲတော်တွေ မကြာခဏ ကျင်းပပေးဖို့ မျှော်လင့်ပါတယ် “ ဟု မကွေးတက္ကသိုလ်မှ ပထမနှစ် ဇီဝဗေဒကျောင်းသူ မသင်းသင်းဆွေ ကပြောသည်။
ထို့ပြင် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်မှ ကျောင်းသားကျောင်းသူ များကို ပွဲတော်သို့ လာရောက် ပို့ဆောင်ပေးသည့် အထက်တန်းပြဆရာမ ဒေါ်နှင်းယုလွင်ကလည်း “ကျွန်မတို့မြို့နယ်က အထက်တန်း ကျောင်းသား ကျောင်းသူတွေကို တတ်သိလိမ္မာတဲ့ အတွေးအခေါ်ကောင်းတွေ စာပေဆိုင်ရာ ဗဟုသုတတွေ ရရှိစေဖို့ ဒီပွဲတော်ကို လာရောက်ပို့ဆောင်ပေးတာပါ၊ ပွဲတော်က ထင်ထားတာထက် ပိုပြီးစည်ကားနေတာ တွေ့ရတဲ့အပြင် ပြခန်းတွေမှာလည်း ကျောင်းသား ကျောင်းသူတွေ စိတ်ဝင်တစားနဲ့ လေ့လာကြည့်ရှုနေကြတာကို တွေ့ရလို့ အားရကျေနပ်မိပါတယ်” ဟု ပြောသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) သို့ လာရောက်လေ့လာ ကြည့်ရှုသူများသည် နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် ပွဲတော်အတွင်း ဖွင့်လှစ်ရောင်းချနေကြသည့် စာအုပ်ဆိုင်များတွင် စိတ်ကြိုက်ရွေးချယ်ဝယ်ယူခြင်း၊ နိုင်ငံကျော် အဆိုရှင်များ၏ ဧည့်ခံဖျော်ဖြေမှုအစီအစဉ်များတွင် ဝင်ရောက်ခံစားနားထောင်ခြင်းများအပြင် အားကစားလှုပ်ရှားမှုဆိုင်ရာ ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ဝင်ရောက် ယှဉ်ပြိုင်ခြင်းများဖြင့် မကွေးတက္ကသိုလ် ပရဝုဏ်အတွင်းရှိ နေရာအနှံ့အပြား၌ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
သတင်း-မင်းထက်အောင် (မန်းကိုယ်ပွား)
ဓာတ်ပုံ-ဟိန်းမင်းစိုး