မကွေး ၁၅  ဒီဇင်ဘာ 

မကွေးတက္ကသိုလ်တွင် ကျင်းပလျက်ရှိသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ပါဝင်ပြသသည့် အသိပညာပေးဆိုင်ရာ ပြခန်းများတွင် ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ စိတ်ဝင်တစား ကြည့်ရှုလေ့လာမှု များပြားကြောင်း သိရသည်။

အဆိုပါပြခန်းများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ကော်မတီဝင်အမျိုးသမီး ၇ ဖွဲ့၏ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အမျိုးသမီးများ အကြမ်းဖက်ခံရမှုကို တားဆီးကာကွယ် ရေး စသည့် အသိပညာပေးပြခန်းများ ပါဝင်ပြသထားသည့်အပြင် အသိပညာပေး ဟောပြောပွဲများနှင့် ရင်ခွင်မဲ့ကလေးငယ်များနှင့် တစ်ကိုယ်ရည် မိခင်လျော့ချရေး မဟေဠိအစီအစဉ်များဖြင့် ပြိုင်ပွဲများထည့်သွင်းကာ ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ပေးကြသည်။

 

a

 

“ကျွန်မတို့ရဲ့ပြခန်းတွေမှာ အမျိုးသမီးငယ်လေးတွေသာမက အမျိုးသား လူငယ်တွေအားလုံးကို အသိပညာပေးအစီအစဉ်တွေအနေနဲ့ လက်ကမ်းစာစောင် တွေဖြန့်ဝေပြီး ကာကွယ်လျော့ချရေး နည်းလမ်းတွေကို ရှင်းလင်းပြောကြားတဲ့အပြင် မေးခွန်းတွေမေးမြန်းပြီး လက်ဆောင်တွေပေးတဲ့ အစီအစဉ်ကို ဆောင်ရွက်ပါတယ်၊ ဒါ့အပြင် ဆရာမကြီး ဒေါက်တာဒေါ်မြသီတာကလည်း အမျိုးသမီးများ ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေး အသိပညာပေးဟောပြောပွဲကို Theatre-1 ခန်းမမှာ ပြုလုပ်ပြီး စကားဝိုင်းဆွေနွေးပွဲတွေကိုတော့ ပြခန်းရှေ့မှာ ပြုလုပ်ပေး ပါတယ်၊ ဒီဟောပြောပွဲ အစီအစဉ်ကို ပွဲတော်ကာလအတွင်းမှာ နှစ်ရက်ပြုလုပ်ပြီး ပွဲတော်နောက်ဆုံးရက်မှာ ဒီဟောပြောပွဲက ဟောပြောလိုက်တဲ့အကြောင်းအရာ တွေကို စိတ်ဝင်စားလို့ ပြိုင်ပွဲဝင်သူတွေထဲက ၁၀ ဦးကိုရွေးချယ်ပြီး စကားဝိုင်းဆွေး နွေးပွဲ ပြုလုပ်ပေးမှာပါ၊ အဲ့ဒီဆွေးနွေးပွဲမှာ အများဆုံးဆွေးနွေးနိုင်သူ ၃ ဦးကို ပထမဆု ကျပ်တစ်သိန်းခွဲ၊ ဒုတိယဆု ကျပ်တစ်သိန်းနဲ့ တတိယဆုကို ကျပ်ငါးသောင်းနှုန်း ချီးမြှင့်ပေးမှာပါ “ ဟု မကွေးတိုင်းဒေသကြီး ရင်ခွင်မဲ့ကလေး ငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းမှ ဒုဥက္ကဋ္ဌ ဒေါက်တာနီလာဝင်းက ပြောသည်။

အဆိုပါ အသိပညာပေးပြခန်းများတွင် ဟောပြောပွဲအစီအစဉ်များ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ ဆုချီးမြှင့်ခြင်းအစီအစဉ်များ အပြင် ပွဲတော်သို့လာရောက် ကြည့်ရှုသူများအား ရေသန့်ဘူးများ အားဆေးများ ပဲနို့တိုက်ကျွေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအစီအစဉ်များလည်း ထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်း-မင်းထက်အောင်(မန်းကိုယ်ပွား)- မေသူလွင်(မကွေး)
 ဓါတ်ပုံ-ဟိန်းမင်းစိုး