မကွေး ၁၅ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ၂၀၁၉ ခုနှစ် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး)ကို မကွေးတက္ကသိုလ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဖျော်ဖြေရေး အစီအစဉ် ဒုတိယနေ့တွင် ကြည့်ရှုအားပေးသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ဖျော်ဖြေရေးအစီအစဉ် ဒုတိယနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတဖျော်ဖြေပွဲတွင် မြန်မာ့အသံခေတ်ပေါ်တေးဂီတနှင့်အတူ နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြေသော တက္ကသိုလ်လဲ့လဲ့၊ ခင်မောင်ထူး၊ ဘိုဘိုဟန်၊ ငြိမ်းချမ်းရေး တေးဂီတပွဲဆုရ မေသူကျော်နှင့် အဆိုရှင်များ၊ မကွေးတက္ကသိုလ်မှ ကျောင်းသား/သူများက တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ ကြည့်ရှုလေ့လာသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)တွင် လူငယ်နှင့်အနုပညာရှင်များ ဆွေးနွေးပွဲတွင် သရုပ်ဆောင် စည်သူဝင်းနှင့် ဝေလာရီတို့က ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော မကွေးမြို့ပေါ်ရှိ တက္ကသိုလ်များမှ အနုပညာလိုက်စား ကျောင်းသား/ သူများနှင့် လူငယ်များမှ သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ သရုပ်ဆောင် စည်သူဝင်း နှင့် ဝေလာရီတို့က မိမိတို့ ဖြတ်သန်းလာခဲ့ကြသော သရုပ်ဆောင်ဘဝများအကြောင်း၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ပျော်ပျော်ပါးပါး ဆွေးနွေးပြောကြားခဲ့ကြရာ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ အဆိုပါ လူငယ်နှင့်အနုပညာရှင်များ ဆွေးနွေးပွဲတွင် တက္ကသိုလ်များမှ ကျောင်းသား/သူများ၊ ပြည်သူလူထု အင်အားစုစုပေါင်း(၅၀၀)ဉီးကျော် တက်ရောက် အားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူငယ်ဘက်စုံပွဲတော်ကို မြန်မာလူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်းဖိုး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်နိုင်ရေးနှင့် အနာဂတ် မြန်မာ့လူဘောင် အဖွဲ့အစည်းအား လူငယ်များ၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက် အကောင်အထည်ဖော်ရေးအတွက် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်အား ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ မကွေးတက္ကသိုလ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး မည်သူမဆို လာရောက် ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိရသည်။
သတင်း - ကျော်စိုးဝင်း(မင်းဘူး)
ဓာတ်ပုံ - ထင်အောင်နိုင်(ပြန်/ဆက်)