၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် နယ်ချဲ့ လက်အောက်မှ လွတ်မြောက်၍ အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဘဝသို့ ရောက်ခဲ့သည်။ သို့ရာတွင် ဒုတိယ ကမ္ဘာစစ် ကာလအတွင်း စစ်မြေပြင်ဖြစ်ခဲ့ရသည့် မြန်မာနိုင်ငံမှာ စစ်၏ဒဏ်ရာဗရပွနှင့်ဖြစ်ရာ လွတ်လပ်လာပြီဖြစ်သည့် မြန်မာနိုင်ငံသည် ပြာပုံအတိပြီးလျက်။ နယ်ချဲ့တို့ မြန်မာ့မြေပေါ်မှ ဆုတ်ခွာ ခဲ့ရာတွင် ကိုလိုနီခေတ် စီးပွားရေး အရင်းအမြစ်များအားလုံးကို မြေလှန်စနစ်ဖြင့် ဖျက်ဆီးသွားခဲ့သလို စစ်ပွဲကာလအတွင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒုတိယကမ္ဘာစစ်ပြီးစ မြန်မာနိုင်ငံကို မြန်မာတို့ ပြန်လည်အုပ်ချုပ်နိုင်ခဲ့သည့်အခါတွင် ကုန်းကောက် စရာမကျန်လောက်အောင် ဖြစ်ခဲ့သည်။

 

စစ်ပြီးခေတ်မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးနှင့် စပ်လျဉ်း၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ယခုခေတ် ခေါင်းဆောင်မှုဟာ ပြာပုံနှင့်လောင်စာသာ ကျန်တော့တဲ့ ဘဝဆိုးကြီးမှ မြန်မာပြည်ကြီးကို အသစ်ပြန်လည်ထူထောင်နိုင်တဲ့ ခေါင်းဆောင်မှုဖြစ်ရမယ်” ဟု ဆိုခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်ကို ဗိုလ်ချုပ်အောင်ဆန်း မြင်တွေ့မသွားခဲ့ရ။ လွတ်လပ်ပြီးနောက် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသည် အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက် လာနိုင် သည့် အခြေအနေကောင်းများကို မျှော်မှန်းနိုင်ခဲ့သော်လည်း လွတ်လပ်ရေးနှင့်အတူ ပူးတွဲ ပါလာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်တွင်း စစ်နွံအတွင်း ကျရောက်ခဲ့ရသည်။

 

ထို့အပြင် ပါလီမန် ဒီမိုကရေစီစနစ် ပျက်သုဉ်းသွားသလို အရင်းရှင်စနစ် ပီပီပြင်ပြင် ခိုင်ခိုင်မာမာ ဖြစ်ပေါ် မလာသေးသည့် အခြေအနေတွင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များကို ပြည်သူပိုင်သိမ်းကာ ဆိုရှယ်လစ်စီးပွားရေးတည်ဆောက်ခဲ့မှု ကဲ့သို့သော လွဲမှားမှုများအောက်တွင် တိုင်းပြည်၏ စီးပွားရေး သည်လည်း ချွတ်ခြုံကျခဲ့ရသည်။ သည့်နောက် နှစ်ပေါင်းများစွာ အစိုးရနှင့်ပြည်သူအကြား အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုတို့ အလျှင်းမရှိခဲ့သည့် ဆယ်စုနှစ်များဖြစ်ခဲ့ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကင်းမဲ့သည်နှင့်အမျှ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံဘဝကို ခံယူခဲ့ ရသည်။ LDC ဟု ခေါ်ဆိုကြသည့် ယင်းနိုင်ငံများရရှိနိုင်သည့် အထောက်အပံ့နှင့် ခံစားခွင့်များ ရယူရန် ကြိုးစားခဲ့သော်လည်း နိုင်ငံအနေဖြင့် သိက္ခာသာကျခဲ့သည်။ အခြား LDC နိုင်ငံများနည်းတူ ခံစားခွင့် မရခဲ့ဟူ၍ မှတ်သားခဲ့ရဖူးသည်။

 

ယခုအခါ မိမိတို့နိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီ။ လွတ်လပ်ရေးကို ရယူပေးခဲ့သည့် ဘိုးဘွားမျိုးဆက်များလည်း မရှိတော့ပြီ။ ထို့ပြင် ပြည်တွင်းစစ်နှင့် လက်နက်ကိုင် ပဋိပက္ခများကို စတင်ခဲ့ကြသည့် ပထမမျိုးဆက်များလည်း မရှိကြတော့ပြီ။ သို့ရာတွင် နောက်မျိုးဆက် များက ပဋိပက္ခကို ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံးသော စစ်မီးဖြစ်အောင် ငြိမ်းချမ်းရေး လိုလားသည့် ပြည်သူတို့၏ဆန္ဒကို မျက်ကွယ်ပြုကာ ဆက်လက်ပစ်ခတ် တိုက်ခိုက်နေကြဆဲ။

 

ပစ္စုပ္ပန်ကာလတွင် မိမိတို့သည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံ၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီးကို မျှော်မှန်းကာ တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီတင်းပြည့်ကျပ်ပြည့် ပီပြင်လာရေးအတွက် အစိုးရနှင့် တကွ ပြည်သူလူထုပါ ပြုဖွယ်များစွာ ကျန်ရှိနေဆဲဖြစ်သည်။

 

ငြိမ်းချမ်းရေး သို့မဟုတ် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီတို့မှာ တစ်ဆက် တစ်စပ်တည်း ဖြစ်သည်။ မိမိတို့နိုင်ငံ၏ လိုအပ်ချက်ဖြစ်ပြီး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ မျှော်မှန်းချက်လည်းဖြစ်သည်။ အစိုးရနှင့် ပြည်သူကြည်ကြည်ဖြူဖြူ ညီတူလက်တွဲလျက် အားကုန်ထုတ် ရုန်းကန်ကြိုးစားနိုင်မှသာ နှစ်ပေါင်း ၇၀ စာ နောက်ကျမှုများကို ကုစားနိုင်မည်ဟု ရှုမြင်မိပါကြောင်း။ ။

မြန်မာ့အလင်း