စစ်တွေ ၁၆ ဒီဇင်ဘာ
(၄၅)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ နောက်ဆုံးနေ့ ရွှေမောင်းတန်းဗိုလ်လုပွဲ၊ ငွေမောင်းတန်းဗိုလ်လုပွဲနှင့် ဆုပေးပွဲတို့ကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။
ကျင်ကိုင်ပွဲဆုပေးပွဲ မတိုင်မီ ရခိုင်ပြည်နယ် အနှံ့အပြားမှ ငွေမောင်းတန်းကျင်သန်များ၊ ရွှေမောင်း တန်းကျင်သန်များက မိမိတို့အတန်းအလိုက် ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ရွှေမောင်းတန်းပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို ရွှေမောင်း ဆုတံဆိပ်၊ စလွယ်နှင့် ငွေသားဆုတို့ကို ပေးအပ်ချီးမြှင့်ပြီး စစ်တွေမြို့ မြို့မိ/မြို့ဖအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်က ငွေမောင်းတန်း ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ငွေမောင်းဆုတံ ဆိပ်၊ စလွယ်နှင့် ငွေသားဆုတို့ကို ပေးအပ်ချီးမြှင့်သည်။
ရခိုင်ပြည်နယ်နေ့ ကျင်ကိုင်ပွဲ၌ ရခိုင်ပြည်နယ်အတွင်းမှ ငွေမောင်တန်း ကျင်သန် ၁၅၃ ဦးနှင့် ရွှေမောင်းတန်းကျင်သန် ၁၉ ဦးတို့ ယှဉ်ပြိုင်ကြပြီး ရွှေမောင်းတန်း ပထမဆု ငွေကျပ် ၃၂ သိန်း၊ ဒုတိယဆု ငွေကျပ် ၂၄ သိန်း၊ ပူးတွဲတတိယဆု ငွေကျပ် ၁၆ သိန်းစီ ပေးအပ်ချီးမြှင့်သည်။ ငွေမောင်းတန်းတွင် ပထမဆု ငွေကျပ် ၂၄ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၆ သိန်း၊ ပူးတွဲတတိယဆု ငွေကျပ် ၁၂ သိန်းစီ ပေးအပ်ချီးမြှင့်သည်။
ထို့အပြင် ရွှေမောင်းတန်းတွင် ဆုရရှိသော ကျင်သန်များကို CHALLENGER SUVEY & ENGINEERING COMPANTY COMPANY LIMITED မှ ပထမဆု ငွေကျပ် ၅ သိန်း၊ ဒုတိယဆု ငွေကျပ် ၃ သိန်းနှင့် ပူးတွဲတတိယဆု ရရှိသူ နှစ်ဦးတို့အား ငွေကျပ် ၂ သိန်းတို့ကို ထပ်မံပေးအပ် ချီးမြှင့်ခဲ့သည်။
ရခိုင်ရိုးရာ ကျင်ကိုင်ပွဲဆုပေးပွဲ အခမ်းအနားသို့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ရခိုင်ရိုးရာကျင်အားကစားသမားများနှင့် ကျင်ဝါသနာရှင်များ တက်ရောက် အားပေးကြခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)