နေပြည်တော်  ၁၆    ဒီဇင်ဘာ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယနိုင်ငံရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်း၍ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ကြေညာခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သင်တန်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ 

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံရွေးကောက်ပွဲကော်မရှင်မှ သင်တန်းဆရာများ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

a

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က သင်တန်းအဖွင့်အမှာ စကားပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယနိုင်ငံရွေးကောက်ပွဲ ကော်မရှင်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ ဝန်ထမ်းများအတွက် စွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ရာတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် (၈) ကြိမ်မြောက်ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ ယခင်သင်တန်းများကို အိန္ဒိယနိုင်ငံတွင် (၄) ကြိမ်နှင့် မြန်မာနိုင်ငံတွင် (၃) ကြိမ် ပို့ချပေးခဲ့ပြီး သင်တန်းတစ်ခုလျှင် သင်တန်းသား (၂၅) ဦးဖြင့် သင်တန်းသား စုစုပေါင်း (၁၇၅) ဦး ပို့ချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅)ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ဝန်ထမ်းများ၏ အရည်အသွေး၊ စွမ်းဆောင်ရည်မြင့်မားရေးအတွက်ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊  ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်များ ထုတ်ပြန်ခြင်း အခန်းကဏ္ဍသည် အလွန်ပင် အရေးကြီးပါကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများနှင့် နည်းဥပဒေများတွင် ဆန္ဒမဲပေးခြင်း၊ ဆန္ဒမဲရေတွက်ခြင်းနှင့် ရွေးကောက်ပွဲအနိုင် အရှုံးကြေညာခြင်းတို့ကို သတ်မှတ်ပြဋ္ဌာန်းထားသည့်အပြင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်တွင်လည်း အသေးစိတ်ဖော်ပြထားပါကြောင်း၊ ယနေ့သင်တန်းတွင် အိန္ဒိယနိုင်ငံ၏ မဲပေးခြင်းလုပ်ငန်းစဉ်များကို မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်း လမ်းညွှန်များတွင် ပါဝင်သော မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် နှိုင်းယှဉ်၍ အတွေ့အကြုံကောင်းများ ရရှိနိုင်မည်ဟု ယူဆပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရန် ကူညီဆောင်ရွက်ပေးသည့် အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။ 

 

a

 

ဆက်လက်၍ အိန္ဒိယနိုင်ငံ India International Institute of Democracy and Election Management (IIIDEM) သင်တန်းကျောင်းမှ Consultant ဖြစ်သူ Dr. Noor Mohammad က အမှာစကားပြောကြားပြီး အခမ်းအနားတက်ရောက်လာသူများနှင့် စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်၍ သင်တန်းပထမနေ့ အစီအစဉ်များကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းကို ဒီဇင်ဘာလ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၅) ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
    
(သတင်းစဉ်)