မြဝတီ ၁၆ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ မြဝတီမြို့၌ မြို့နယ်စာရေးဆရာအသင်းမှ ကျင်းပသော (၇၅)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ်ကို ယမန်နေ့ည ၇ နာရီက ဘုရင့်နောင်လမ်းမကြီးလမ်း သောင်းရင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအခမ်းအနားကို မြို့ရေကြည်တေးသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးကျော်က အဖွင့်မှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မြဝတီမြို့နယ်စာရေးဆရာ အသင်းဥက္ကဌ ဦးသက်ဦးနိုင် က အခမ်းအနားသို့ တတ်ရောက်လာသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဌမှ ပေးပို့သော စာဆိုတော်နေ့ သဝဏ်လွှာအား မြဝတီမြို့နယ် စာရေးစာဆရာအသင်း အဖွဲ့ဝင်၊ ကရင်ပြည်နယ် သတင်းစာဆရာအသင်း ဥက္ကဌ ဦးထွန်းထွန်းဦး က ဖတ်ကြားတင်ပြခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် စာရေးဆရာမ ခင်သန္တာက “ခေတ်ထဲကရသ”ဖြင့် လည်းကောင်း၊ စာရေး ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က “စာပေစကားစာပေမြှား”ဖြင့် လည်းကောင်း အသီးသီး ဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စာရေး ဆရာအသင်း ဥက္ကဌနှင့် စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ၁၅၀ ခန့် တက်ရောက်ကြသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)