နေပြည်တော်  ၁၆   ဒီဇင်ဘာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဇနီး ဒေါ်ချိုချို တို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု သည်  တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ နာရီ ၄၅ မိနစ်တွင် အထူးလေယာဉ်ဖြင့်  နေပြည်တော်သို့ရောက်ရှိသည်။

ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်အား  နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ လုသွီဇွန်း တို့က အထူး လေယာဉ်ပေါ်၌ ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ဗီယက်နမ် နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ကြိုဆိုနှုတ်ဆက်ကြသည်။

သတင်းစဉ်