မိတ္ထီလာ ၁၇ ဒီဇင်ဘာ

 

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသည့် ကျေးရွာ (၇)ရွာတွင် စက်ရေတွင်းများ တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများ နွေရာသီတွင် သောက်သုံးရေ အခက်အခဲမရှိစေရန် စီမံချက်များ ရေးဆွဲ၍ ဘဏ္ဍာရေးနှစ်အလိုက် မြေသားကန်များ တူးဖော်ပေးခြင်း၊ စက်ရေတွင်းများ တူးဖော်ပေးခြင်း၊ ရေစင်၊ ရေစက်ရုံနှင့် အုတ်ရေကန် တည်ဆောက်ပေးခြင်းလုပ်ငန်းများ၊ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာမှ ယခုနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်  သောက်သုံးရေ လိုအပ်လျက်ရှိသော အိုင့်၊ ဂွေးချို၊ ဖလံကျင်း၊ မကျီးကုန်း၊ ညောင်ပင်လှကျေးရွာများတွင် (၄)လက်မ စက်ရေတွင်းတူးဖော်ခြင်း အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းအပြင် အိုင့်၊ ဂွေးချိုကျေးရွာတို့တွင် ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

၎င်းအပြင်  မြင်တော်ကန်ကျေးရွာတွင် (၄)လက်မ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ခြင်းလုပ်ငန်းနှင့် ဆည်ကုန်းကျေးရွာတွင် (၃)လက်မ စက်ရေတွင်း တူးဖော်ခြင်း၊ ရေစက်ရုံနှင့် ရေစင်တည်ဆောက်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း၊ ၄၀၀ ဗို့ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်ထံမှ သိရှိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)