မင်းလှ ၁၇ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ရေခါးကျေးရွာတွင် ကျေးလက်နေ တောင်သူများ၏ လယ်ယာဧက ၁၀ဝ၀ မှ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက် ကုန်ထုတ်လမ်း စတင်ဖောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
ရေခါးကျေးရွာကုန်ထုတ်လမ်းကို လမ်းအရှည် ၂ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ၊ မြေနီ ကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်းအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၈၁ ဒသမ ဝ၅၂ သန်းဖြင့် တင်ဒါအောင်မြင်သော Highland Prize ကုမ္ပဏီမှတာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ဒေသရှိ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ ဈေးကွက်သို့ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ကျေးလက် ကုန်ထုတ်လမ်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဖောက်လုပ် ပေးလျက် ရှိကြောင်း၊ ယခု ရေခါးကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက ရေခါးကျေးရွာမှ လယ်ယာ ဧက ၁၀ဝ၀ အတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ