ဒီးမော့ဆို ၁၇ ဒီဇင်ဘာ

 

တောင်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးထားသော မြေဆီလွှာများ ရေရှည်တည်တံ့ရေးနှင့် သီးနှံအထွက်နှုန်း ရေရှည်တည်တံ့ရေးအတွက် ရည်ရွယ်၍ ကုန်းမြင့်ဒေသ စိုက်ပျိုးရေးသွင်း အားစုများနှင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အစီအစဉ်ဖြင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတော်ကူးကျေးရွာတွင် မြေသြဇာနှုန်းထားအလိုက် ယှဉ်ပြိုင် စိုက်ပျိုးသော ပြောင်းစံပြကွက် ရိတ်သိမ်းခြင်းနှင့် ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲက တောင်သူ ဦးဇိုဝါးနီ၏ ယာမြေ၌ ကျင်းပသည်။

 

85

 

ရှေးဦးစွာ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုနှင့် ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးစိုင်းသန်းအောင်တို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကုန်းမြင့်ဒေသ စိုက်ပျိုးရေးသွင်းအားစုများနှင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဒုတိယအဖွဲ့ခေါင်းဆောင် ဒေါ်သင်းနွယ်ထွေးက စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ အကျိုးဆောင်တောင်သူမှ ရရှိလာသည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြောင်းစံပြကွက်အား ရိတ်သိမ်းခြင်း၊အထွက်နှုန်း ခန့်မှန်းတွက်ချက်ခြင်းများကို ဆောင်ရွက် ပြီး တာဝန်ရှိသူများက စံပြကွက်တွင် အသုံးပြုခဲ့သော နည်းပညာများအား ရှင်းလင်း ပြောကြားသည်။

 

963

 

ကုန်းမြင့်ဒေသ စိုက်ပျိုးရေးသွင်းအားစုများနှင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဉ်ဖြင့် ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာအုပ်စု လေးအုပ်စု၌ စံပြကွက်များ ဆောင်ရွက် လျက်ရှိပြီး ဒေါတော်ကူး ကျေးရွာအုပ်စုတွင် မြေသြဇာနှုန်းထားအလိုက် ယှဉ်ပြိုင်စိုက်ပျိုးသော ပြောင်း စံပြကွက်၊ အိုကေကျေးရွာအုပ်စုတွင် မြေသြဇာနှုန်းထားအလိုက် ယှဉ်ပြိုင်စိုက်ပျိုးသော စပါးစံပြကွက်၊  ဆောင်ဒူရွာသစ် ကျေးရွာအုပ်စုတွင် မြေသြဇာနှုန်းထားအလိုက် ယှဉ်ပြိုင်စိုက်ပျိုးသော စပါးစံပြကွက်နှင့် နောင်ပုလဲကျေးရွာ အုပ်စုတွင် မျိုးအလိုက် ယှဉ်ပြိုင်စိုက်ပျိုးသော စပါးစံပြကွက်များကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

41

 

အဆိုပါ အခမ်းအနားသို့ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးစိုင်းသန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများ၊ ကုန်းမြင့်ဒေသ စိုက်ပျိုးရေးသွင်းအားစုများနှင့် လယ်ယာဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အတွင်းရှိ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)