ဟိုင်းကြီးကျွန်း ၁၇ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မော်တင်စွန်း၏ အနောက်မြောက်ဘက် ၁၀.၅ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ ကမ်းဝေးငါးဖမ်း ရေယာဉ်များ ငါးဖမ်းဆီးခွင့်မရှိသော ကမ်းနီးငါးဖမ်းကွက်အတွင်းသို့ စည်းကမ်းပျက် ဝင်ရောက်ငါးဖမ်းနေသော ဒရွတ်ဆွဲငါးဖမ်းရေယာဉ်နှစ်စီးကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က ပမ္မဝတီရေတပ်စခန်းဌာနချုပ် ကွပ်ကဲမှုအောက်ရှိ စစ်ရေယာဉ်(၅၅၁)က ဖမ်းဆီးခဲ့ပြီး ယနေ့ နံနက် ၈ နာရီခွဲက ဟိုင်းကြီးကျွန်းမြို့၊ ငါးလုပ်ငန်းဦးစီးဌာနပါဝင်သော လွှဲပြောင်း လက်ခံဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အလျား ၉၇.ဝ၈ ပေ၊ အနံ ၂၄.၂၅ ပေ၊ ရေစူး ၁၈ ပေ၊ သံကိုယ်ထည်၊ စက်မကြီး Cumming Engine 525 BHP Gear Box နှင့် တွဲလျက် လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ မြန်မာရေလုပ်သား ၁၅ ဦးလိုက်ပါသည့် ရေယာဉ်နှင့် အလျား ၁၀၂ ပေ၊ အနံ ၂၃.၄၂ ပေ၊ ရေစူး ၁၁ ပေ၊ သစ်သားကိုယ်ထည်၊ စက်မကြီး Cumming Engine 550 BHP Gear Box နှင့် တွဲလျက် လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ မြန်မာရေလုပ်သား ၁၈ ဦး လိုက်ပါသည့် ဒရွတ်ဆွဲငါးဖမ်းရေယာဉ်နှစ်စီးဖြစ်ပြီး ကမ်းနီးငါးဖမ်း ကွက်အတွင်း စည်းကမ်းပျက် ငါးဝင်ရောက်ဖမ်းဆီးနေသည့် သတင်းအရ တပ်မတော်ရေမှ စစ်ရေယာဉ် (၅၅၁)က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယနေ့ နံနက် ၈ နာရီခွဲက တပ်မတော်ရေမှ လွှဲပြောင်းပေးအပ်သော စည်းကမ်းပျက် ဒရွတ်ဆွဲ ငါးဖမ်းရေယာဉ်နှစ်စီး နှင့်အတူ ရေလုပ်သားများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ဖမ်းဆီးရမိငါးများကို ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးမင်းချွန်သူပါဝင်သော ဌာနဆိုင်ရာအဖွဲ့က လက်ခံ ရယူခဲ့ပြီး ရေယာဉ်နှစ်စီးကို ဟိုင်းကြီးကျွန်းမြို့ အနီးပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားကာ ထိန်းသိမ်းခဲ့ပြီး ဖြစ်သည်။ ဖမ်းဆီးရမိသည့် ဒရွတ်ဆွဲငါးဖမ်းရေ ယာဉ်နှစ်စီး၏ စည်းကမ်းပျက် ငါးဖမ်းခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ငါးလုပ်ငန်းငန်းဦးစီးဌာန ရုံးချုပ်သို့ တင်ပြ၍ အရေးယူ ဆောင်ရွက်သွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)