မြိတ် ၁၇ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသော မျိုးဆက်သစ် လူငယ်များ၏ အသိဉာဏ်ပညာနှင့် စိတ်ဓာတ်ခွန်အားကို ပိုမိုတိုးတက်စေရန်နှင့် အသိပညာဗဟုသုတ ပိုမိုတိုးပွားတည်ဆောက်နိုင်ရန်၊ Communications Skill ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နည်းပညာတက္ကသိုလ်(မြိတ်)နှင့် ကွန်ပျူတာတက္ကသိုလ်(မြိတ်)တို့ ပူးပေါင်း၍ စာပေဟောပြောပွဲနှင့် ဘာသာစကားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက အမှာစကားပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်(မြိတ်)နှင့် နည်းပညာတက္ကသိုလ်(မြိတ်)တို့မှ ဒုတိယပါမောက္ခချုပ်တို့က ကျေးဇူးတင်စကား ပြောကြားကြကာ AKM Tourism မှ ဦးအောင်ကြည်မြင့်က ဘာသာစကားသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာပေဟောပြောပွဲ စတင်ခဲ့သည်။
စာပေဟောပြောပွဲတွင် စာရေးဆရာ ဦးဖူးကျော်ဇင်က Leadership အကြောင်းကိုလည်းကောင်း၊ စာရေးဆရာ ဦးကောင်းမြတ်ထွဋ်က Technology အကြောင်းကိုလည်းကောင်း၊ စာရေးဆရာ ဦးမိုးယံဦး က Passion အကြောင်းကိုလည်းကောင်း ဟောပြောခဲ့ကြပြီး “Youth and Future” ခေါင်းစဉ်ဖြင့် စာရေးဆရာများနှင့် ကျောင်းသား/ကျောင်းသူများ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဘာသာစကား သင်တန်းတွင် ထိုင်းဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား သင်တန်းဖွင့်လှစ် သွားမည်ဖြစ်ကာ ထိုင်းဘာသာစကားကို တနင်္လာနေ့မှ သောကြာနေ့ထိ တစ်ပတ်လျှင် (၇)နာရီ၊ အင်္ဂလိပ်ဘာသာစကားကို တနင်္လာနေ့မှသောကြာနေ့ထိ တစ်ပတ်လျှင် (၃)နာရီ သင်ကြား ပေးသွားမည်ဖြစ်ပြီး ကွန်ပျူတာတက္ကသိုလ်တွင် သင်တန်းသား(၄၀)ဦးစီနှင့် နည်းပညာတက္ကသိုလ်တွင် သင်တန်းသား (၅၀)ဦးစီ တက်ရောက်ကာ သင်တန်းကာလမှာ (၂)လဖြစ်ကြောင်း၊ အင်္ဂလိပ်ဘာသာ စကားကို သက်ဆိုင်ရာတက္ကသိုလ်တို့မှ သင်ကြားပေးမည်ဖြစ်ပြီး ထိုင်းဘာသာစကားကို ထိုင်းနိုင်ငံ kanchanaburi Rajabhat တက္ကသိုလ်မှ နည်းပြ(၁)ဦးနှင့် AKM Tourism တို့မှ ပူးပေါင်းသင်ကြားပေးမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


