ရန်ကုန် ၁၇ ဒီဇင်ဘာ

 

ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးကို တစ်စိတ်တစ်ဒေသ အထောက်အပံ့ဖြစ်စေမည့် အစီအစဉ် တစ်ရပ်ဖြစ်သော Myanmar National League (MNL) အား AIA Myanmar အသက်အာမခံကုမ္ပဏီနှင့် AYA Financial Group တို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Junction City Office Tower တွင် MNL အား ကူညီပံ့ပိုးမည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည်။

 

3201

 

အသက်အာမခံ ကုမ္ပဏီနှင့် ဘဏ်တို့ကူညီပံ့ပိုးမှုသည် ၂၀၂၀ ခုနှစ် ဘောလုံးရာသီမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပိုမိုကျန်းမာသော လူမှုဘဝပုံစံကို အားပေးလိုမှုနှင့် မြန်မာ့ဘောလုံးကဏ္ဍ ပိုမိုတိုးတက်အောင်မြင်စေရန် မြှင့်တင်လိုသော ရည်ရွယ်ချက်တို့ဖြင့် ယခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

6

 

ယခင်က ဘောလုံးအားကစားကို ဧရာဝတီဘဏ်အနေနဲ့ပဲ လုပ်ဆောင်ခဲ့ပါတယ်။ အခု AIA အသက်အာမခံ ကုမ္ပဏီနဲ့ လက်တွဲလုပ်ဆောင်ဖြစ်တာက ဧရာဝတီဘဏ်အောက်မှာ လက်တွဲပြီး လုပ်ဆောင်တဲ့ အသက်အာမခံ စတော့အိပ်ချိန်း စတဲ့လုပ်ငန်းတွေရှိတာကြောင့် AYA တစ်ခုတည်း မသွားဘဲ AYA Financial Group (AFG) အနေနဲ့ပဲ လုပ်ဆောင်တဲ့အခါမှာ နိုင်ငံတော်က ဘဏ်လုပ်ငန်းနဲ့ အာမခံ လုပ်ငန်းတွေကို ဖြေလျော့ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်နေတာကြောင့် AYA ဘဏ်အနေနဲ့ နိုင်ငံတကာ အသက်အာမခံကုမ္ပဏီတွေထဲက AIA အသက်အာမခံကုမ္ပဏီနဲ့ လက်တွဲပြီး နှစ်ဦးသား ဘောလုံးအားကစားကို ဝါသနာတူညီနေတာကြောင့် MNL ကို ကူညီပံ့ပိုးဖို့ ယခုအစီအစဉ်ကို စတင်ဖြစ်တာပါဟု AYA ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ  ဦးမြင့်ဇော်က ပြောသည်။

 

3

 

အဆိုပါကုမ္ပဏီနှစ်ခုအနေဖြင့် MNL မှစီစဉ်သော ထိပ်တန်းလိဂ်များဖြစ်သည့် MNL-1 ၊ MNL-2 ၊ MFF Chari ty Cup ၊ General Aung San Shield နှင့် Myanmar National Youth League တို့၏ပွဲစဉ်တို့တွင် အမှတ်တံဆိပ်များကို မြှင့်တင်ဖော်ဆောင်သွားမည်ဖြစ်ပြီး ယခုလက်မှတ်ရေးထိုးမှုအရ MNL မှ ဦးစီးသော ပြိုင်ပွဲများအားလုံးတွင် အားကစားသမားတို့၏ ဂျာစီအင်္ကျီများ၌ AIA နှင့် AYA Bank အမှတ်တံဆိပ်များကို တွေ့မြင်ရမည်ဖြစ်ကြောင်း သိရသည်။

 

အဓိကရည်ရွယ်ချက်က ကျန်းမာရေးကဏ္ဍကို ပိုမိုလုပ်ဆောင်ပြီး ကျန်းမာတဲ့ဘဝတွေကို ပိုင်ဆိုင် စေလိုမှုနဲ့ အားကစားကဏ္ဍကို ပိုပြီးစွမ်းဆောင်နိုင်အောင် ယခုလို MNL နဲ့ ပူးပေါင်းခြင်းဖြစ်ပါတယ်။ မြန်မာ့ဘောလုံး ပိုမိုတိုးတက်အောင် MNL နဲ့ ပူးပေါင်းဆောင်ရွက်ခွင့် ရတဲ့အပေါ်မှာလည်း အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူပါတယ် ဟု AIA Myanmar ၏ CEO ဖြစ်သူ Mr.Nhon Ly(Luc) က ပြောသည်။

 

02

 

AIA သည် English Premier League ထိပ်တန်းကလပ်အသင်းတစ်ခုဖြစ်သော Tottenham Hotspur FC ကိုလည်း အဓိကပံ့ပိုးလျက်ရှိပြီး ရန်ကုန်မြို့ လှိုင်မြို့နယ်ဘောလုံးကွင်းတွင် စက်တင်ဘာလက ကျင်းပခဲ့သည့် AIA KIC K 2019 တွင်လည်း ကျောင်းသားလူငယ် ဘောလုံးဝါသနာရှင်များကို တော့တမ်း ဟော့စပါး FC မှ ဘောလုံးနည်းပြနှစ်ဦးမှ အခမဲ့လေ့ကျင့်ပေးမှုဖြင့် ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ခဲ့သည်။

 

အားကစားကဏ္ဍ ပိုမိုမြင့်မားဖို့ AIA Myanmar ၊ AFG တို့နဲ့ ပူးပေါင်းခွင့်ရတဲ့အတွက် လာမယ့် ဘောလုံးရာသီမှာ စိတ်လှုပ်ရှားစရာတွေ ရှိနေတယ်ဆိုတာ ဝမ်းသားစရာပါ။ အခုကူညီပံ့ပိုးမှုဟာ လူငယ်တွေ အတွက် အောင်မြင်မှုမှတ်တိုင်ကို တွန်းအားဖြစ်စေပြီးတော့ လူငယ်များကြား ဘောလုံး အားကစားကဏ္ဍ အရေးပါပုံကို မီးမောင်းထိုးပြရာမှာလည်း အကူအညီဖြစ်စေပါတယ်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။

 

ဓာတ်ပုံ- သန်းစိုး - သန်းထိုက်