ဆားလင်းကြီး ၁၇ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၂၁ ရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၁၀ဝ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Development Plan) လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးခိုင်က “၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းများကို အောင်ပန်း၊ ဘင်္ဂါး၊ ပလောင်၊ ငါးခုန်၊ ကျေးတိုင်း၊ တောကျောင်း၊ ဖောင်တော်၊ အလယ်တော၊ အိုမ၊ ဝဲကြီး၊ ညောင်ပင်ကြီး၊ ရွာသမင်း၊ သမ္မတော၊ ကျွန်းဖိုပင်၊ မြင်သာကုန်း၊ ရွာသာအေး၊ ပေါက်တော၊ ပျော်ဘွယ်၊ မြေဇွန်း၊ ထူးကြီးကျေးရွာနှင့် အောင်ချမ်းသာ ကျေးရွာကို စီမံကိန်းရေးဆွဲ ဆောင်ရွက်မည့် ကျေးရွာများအဖြစ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်း၍ လျာထားသတ်မှတ်ထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာ တစ်ရွာလျှင် ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၁၀ဝ နှုန်းနှင့် ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက ဒို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒို့အားလုံးတွင် တာဝန်ရှိသည်ဟူသော ကျေးရွာစိတ်ဓာတ်ကို ခံယူ၍ ပြည်သူများနှင့်အတူ ကိုယ်တိုင်ကြီးကြပ် ဆောင်ရွက်ပေးရမှာဖြစ်ပြီး ဌာနအနေဖြင့်လည်း နည်းပညာပိုင်းနှင့် လုပ်ငန်းအရည်အသွေး ပြည့်မီမှုရှိရေး၊ စာရင်းဇယားများ တိကျမှန်ကန်မှုရှိရေးကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဆားလင်းကြီးမြို့နယ်အတွင်း၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) လုပ်ငန်းများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ကျေးရွာ ၃၈ ရွာ၌ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက် ပေးနိုင် ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)