စစ်ကိုင်း ၁၈ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)မှ ဦးစီးကျင်းပသည့် ဒုတိယအကြိမ် ကျောက်စိမ်းအရောင်းပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က စတင်ပြီး စစ်ကိုင်းခရိုင်ချင်း ဆက်လမ်းရှိ ထက်ကျော် ကိုယ်ပိုင်အထက်တန်းကျောင်း ဝန်းအတွင်းတွင် ခင်းကျင်းပြသ ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်စိမ်းအရောင်းပြပွဲကို ဒီဇင်ဘာလ ၁၈ ရက်မှ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ကျင်းပ သွားမည်ဖြစ်ပြီး ပြပွဲတွင် ကုမ္ပဏီပေါင်း ၄၀ ခန့်မှ ကျောက်စိမ်းအတွဲပေါင်း ၁၄၀ဝ ခင်းကျင်း ရောင်းချ လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(စစ်ကိုင်း)မှ ဒု-ဥက္ကဋ္ဌ (၁)ဦးကျော်ဌေးက ပြောသည်။
''ကျောက်စိမ်းတွေ မြန်မာပြည်မှာ ဈေးကွက်ဖြစ်စေချင်တယ်။အခု ကျွန်တော်တို့ အရိုင်းတွေ ရောင်းတဲ့ အတွက် အချောထည်ထုတ်လုပ်တဲ့သူတွေက ကုန်ကြမ်းရမယ်။ဒီကုန်ကြမ်းတွေကို အချောထည် ထုတ်တဲ့အတွက် အချောထည်လည်း ဖွံ့ဖြိုးတိုးတက် လာမယ်။ပြည်တွင်းမှာရှိတဲ့ သူတွေလည်း အလုက်အကိုင်ရရှိမယ် အဲရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်၊ဒီဇင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့အထိက ကျောက်ကြည့်ရက်အဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ရက်တွေက ကျောက်ရောင်းချ ရက်အဖြစ် တင်ဒါဖွင့်ဖောက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။''ဟု ၎င်းကပြောသည်။
ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူများ ကုန်ကြမ်း လွယ်ကူစွာရရှိစေရေး၊ တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေရရှိရေး အလုပ်အကိုင် အခွင့်အလမ်းရရှိရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျောက်စိမ်း အရောင်းပြပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(စစ်ကိုင်း)က သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ထိ စစ်ကိုင်းခရိုင်ချင်းဆက်လမ်းရှိ ထက်ကျော် ကိုယ်ပိုင် အထက်တန်းကျောင်း ဝန်းအတွင်းမှာပင် ပထမအကြိမ် ကျောက်စိမ်း အရောင်း ပြပွဲကို ကျင်းပခဲ့ကြောင်း၊ပထမအကြိမ် ကျင်းပသည့် ကျောက်စိမ်းအရောင်းပြပွဲတွင် ကုမ္ပဏီပေါင်း ၁၀ဝ ကျော်မှ ကျောက်စိမ်းအတွဲပေါင်း ၂၀ဝ၀ ကျော် ခင်းကျင်း ရောင်းချခဲ့ရာ ကျပ်သိန်းပေါင်း ၂၈၀ဝ၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း သိရသည်။
ခိုင်ဇေယျ(075)