နေပြည်တော် ၁၈ ဒီဇင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia Japan (BAJ) တို့အကြားချုပ်ဆိုသည့် ကရင်ပြည်နယ်၊ ဘားအံမြို့၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း လုပ်ငန်းအကောင်အထည်ဖော်မှု စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း စီမံကိန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အမှာစကားပြောကြားပြီး BAJ မှ ဌာနေကိုယ်စားလှယ် Ms.Akiko Mori မှ နားလည်မှု စာချွန်လွှာနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် BAJ မှ ဌာနေကိုယ်စားလှယ် Ms.Akiko Mori တို့မှ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် BAJ တို့ ပူးပေါင်း၍ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ (၆) နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ (၃ ဒသမ ၀၂) သန်းဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်းနှင့် လက်ကိုင်ဖုန်းသင်တန်းများ လေ့ကျင့်သင်ကြား ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်းကာလသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ (၁)နှစ်တာကာလအတွက် အမေရိကန်ဒေါ်လာ (၀ ဒသမ ၇၄)သန်းဖြင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်