နေပြည်တော် ၁၈ ဒီဇင်ဘာ

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ၂၀၂၀ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲတွင် အပျော်တမ်းအသင်းများကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ရှုံးထွက်ပြိုင်ပွဲကို ယခင်က MNL ကလပ်အသင်းများ၊ MNL-2 (ပထမတန်း) ကလပ်အသင်းများဖြင့်သာ ကျင်းပခဲ့သော်လည်း လာမည့်နှစ်မှ စတင်ကာ အပျော်တမ်းအသင်းငါးသင်း ယှဉ်ပြိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် အပျော်တမ်းအသင်းများ အနေဖြင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်နိုင်မှသာ ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ၂၀၂၀ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကို ဧပြီမှ စက်တင်ဘာအထိ ကျင်းပမည်ဖြစ်ပြီး အပျော်တမ်းအသင်းများမှာ ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ပြီးခဲ့သည့် ရာသီပုံစံအတိုင်း ဆက်လက်ကျင်းပရန် စီစဉ်ထားသော်လည်း ပြိုင်ပွဲကျင်းပမည့် အသေးစိတ် အချက်အလက်များကို အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်မည်ဖြစ်သည်။

ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၃ ခုနှစ်မှလွဲ၍ နှစ်စဉ်ကျင်းပခဲ့သည်။ ကျင်းပပြီးစီးခဲ့သည့် ကိုးကြိမ်တွင် ရန်ကုန်နှင့် ဧရာဝတီအသင်းက သုံးကြိမ်စီဗိုလ်စွဲကာ အအောင်မြင်ဆုံးဖြစ်နေပြီး ဟံသာဝတီ၊ မကွေးနှင့် ရှမ်းယူနိုက်တက် အသင်းတို့က တစ်ကြိမ်စီ ဗိုလ်စွဲထားသည်။

နောက်ဆုံးကျင်းပသည့် ၂၀၁၉ ပြိုင်ပွဲတွင် ရန်ကုန်အသင်းက ရှမ်းယူနိုက်တက်အသင်းကို အချိန်ပို သွင်းဂိုးများ အပါအဝင် လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်