ထားဝယ် ၁၈ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းတွင် တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနတို့က ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများကို သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ဖော်ဆောင်ခြင်းဖြင့် ဌာန၊ အဖွဲ့အစည်းများမှတစ်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် စွမ်းဆောင်ရည် ပြည့်ဝသော ပြည်သူ့ဘဏ္ဍာရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် စသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် သင်တန်းမှပို့ချသော လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များကို လေ့လာမှတ်သားပြီး မိမိတာဝန်ထမ်းဆောင်သည် ဌာနများတွင်၊ ပြန်လည်အသုံးချခြင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ သင်ကြားပို့ချ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)