ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖုသည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက ရောက်ရှိခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာကိစ္စ၊ စိုက်ပျိုးရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ သစ်တောနှင့်သယံဇာတ၊ ဆောက်လုပ်ရေးနှင့်နည်းပညာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ သည်။

 

မြန်မာနှင့် ဗီယက်နမ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး နှစ်ပေါင်းများစွာ မိတ်ဆွေရင်းချာ နိုင်ငံအဖြစ် နှစ်နိုင်ငံ အစိုးရများနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုများကို အစဉ်အဆက်ပြုလုပ်ခဲ့ ကြသည်။ ရေမြေသဘာဝနှင့် ယဉ်ကျေးမှု ဓလေ့စရိုက်များ တူညီမှုရှိသော အာရှနိုင်ငံသား ညီအစ်ကိုမောင်နှမများ ဖြစ်သည်နှင့်အညီ တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်းကူညီဖေးမခဲ့ကြသည်။ အထူးသဖြင့် မြစ်၊ ချောင်း၊ လွင်ပြင်၊ တောင်တန်း၊ ပင်လယ်ကမ်း ရိုးတန်းများရှိသော ဗီယက်နမ်နိုင်ငံသည် ရခိုင်ပြည်နယ်နှင့် သဘောသဘာဝတူညီပြီး မတူညီသည်မှာ မဖွံ့ဖြိုးသေးခြင်းနှင့် ဖွံ့ဖြိုးနေခြင်းပင်ဖြစ်သည်။

 

ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှတွင် တည်ရှိပြီး အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့ဘက်စွန်းတွင် တည်ရှိသည်။ ၂၀၁၇ ခုနှစ်စာရင်းအရ လူဦးရေ သန်း ၉၀ ကျော်ရှိပြီး ဗီယက်နမ်နိုင်ငံ၏ သမိုင်းတွင် ပြင်သစ်၊ ဂျပန်၊ အမေရိကန်နှင့် ပြည်ပနိုင်ငံတို့၏ ကျူးကျော်စွက်ဖက်မှုများကို အကြိမ်ကြိမ်ခံခဲ့ရသည်။ ၁၉၆၄ ခုနှစ် တောင်-မြောက် ဗီယက်နမ် နှစ်ခြမ်းကွဲခဲ့သည့် ဒုတိယ အင်ဒိုချိုင်းနား တော်လှန်ရေး ၁၁ နှစ်ခန့်ကြာသော စစ်ပွဲအတွင်း ဗီယက်နမ်ပြည်သူသန်းနှင့်ချီ၍ အသက်ပေးဆပ်ခဲ့ရသည်။ ထို့နောက် ၁၉၇၆ ခုနှစ်တွင် တောင်-မြောက် ဗီယက်နမ်ပြန်လည်ပေါင်းစည်းပြီး ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ထူထောင်ခဲ့သည်။

 

စစ်ဘေးစစ်ဒဏ်အမျိုးမျိုးကိုခံခဲ့ရသည့် ပြာပုံအတွင်းမှ ဗီယက်နမ်နိုင်ငံသည် နှစ်ပေါင်း ၃၀ ကျော်ခန့်အတွင်း ဖွံ့ဖြိုးတိုးတက် သောနိုင်ငံ ဖြစ်လာသည်။ ဗီယက်နမ်နိုင်ငံ၏ လက်ရှိကာလဖွံ့ဖြိုးတိုးတက်မှုများမှာ အတုယူအားကျဖွယ်ဖြစ်သည်။ ဗီယက်နမ် နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာခြင်း၏ အဓိကအချက်များတွင် နိုင်ငံသူ နိုင်ငံသားများအားလုံး စည်းကမ်းကို ရိုသေလေးစား လိုက်နာကြခြင်းသည် အရေးပါသည့် အချက်ဖြစ်သည်။ ရေမြေသဘာဝကို အကျိုးရှိစွာအသုံးချမှု၊ ပြည်သူ ပြည်သားများ တက်ညီလက်ညီ ကြိုးစား လုပ်ကိုင်မှုနှင့် လျှပ်စစ်စွမ်းအင်များ အလျှံအပယ်ရရှိမှုတို့သည့် ဖွံ့ဖြိုးတိုးတက်လာခြင်း၏ အဓိက အချက်များဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်း ၌သာမက ပြည်ပသို့ပါ ထိုးဖောက်လာနိုင်သည်။

 

တိုးတက်လာသော ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင် နိုင်သောကြောင့် မြန်မာနိုင်ငံအတွက်လည်း အလားအလာကောင်းများ ရရှိလာသည်။ ဗီယက်နမ်နိုင်ငံ၌ ဆင်းရဲမွဲတေမှုကို နှစ်စဉ် ၁ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချနေသည်မှာ စိတ်ဝင်စားဖွယ်ကောင်းပြီး မြန်မာနိုင်ငံအတွက်လည်း အရေးပါသည့် အတွေ့ အကြုံကောင်းများ ဖြစ်လာသည်။ ယခုအခါ မြန်မာ-ဗီယက်နမ် ဆက်ဆံရေးသည် သိသိသာသာ တိုးတက်လာပြီး ဘက်စုံပူးပေါင်း ဆောင်ရွက်မှုများသည် ဖွံ့ဖြိုးမှုဆီသို့ ရှေးရှုလာသည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ အနေဖြင့် ရည်မှန်းထားသည့် အချိန်မတိုင်မီ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော်အောင် လုပ်ဆောင်နေသည်။ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၌ စီမံကိန်း ၂၀ မက လုပ် ဆောင်နိုင်ခြင်းသည် အနာဂတ်ကာလ နှစ်နိုင်ငံဖွံ့ဖြိုးမှုအတွက် အလားအလာကောင်းများ ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး တိုးတက်ဖော် ဆောင်နိုင်မှုများ သည် နှစ်နိုင်ငံမိတ်ဖက်ဖြစ်ကြောင်းကို ပြသနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံ မြန်မြန်ဆန်ဆန် ဘက်စုံဖွံ့ဖြိုးတိုးတက်လာရန် အတွက် အထောက်အပံ့ကောင်းများ ဖြစ်စေပါကြောင်း။    ။

 (ကြေးမုံ)