ပေါက်ခေါင်း ၁၉ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက UNDP ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သော လူမှုရေးနှင့် သဘာဝဝန်းကျင်ဆိုင်ရာ ဘေးကင်းလုံခြုံစေမှု (SES) နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေး (DRR) မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ UNDP ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာအရာရှိ ဦးကောင်းမြတ်ဇော်က ပူးပေါင်းပါဝင် စီမံကိန်း ရေးဆွဲခြင်းအားဖြင့် ရွေးချယ်သော အခြေခံအဆောက်အဦများကို ဆောက်လုပ်သည့် TDLG စီမံချက်များကို အကောင်အထည်ဖော်ရာတွင် လည်းကောင်း၊ စီမံကိန်းရေးဆွဲရာတွင် လည်းကောင်း လုပ်ငန်းအဆင့်တိုင်းတွင် လူမှုရေးနှင့် သဘာဝဝန်းကျင်ဆိုင်ရာ အကာအကွယ်များနှင့် ဘေးအန္တရာယ် ကြောင့် ထိခိုက်နိုင်ခြေလျော့ချရေးဆိုင်ရာ အစီအမံများကို မည်ကဲ့သို့ထည့်သွင်း လုပ်ဆောင်နိုင်သည် ဆိုသည့် သဘောတရားပိုင်းနှင့် လက်တွေ့အလေ့အထများကို ဝေငှဖြန့်ဖြူးပေးရန် စသည့် ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ UNDP (SES & DRR) အကြံပေး ဦးမင်းဇော်က ဆွေးနွေးပွဲ၏ ဦးတည်ချက်များ၊ သဘာဝ ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ ဘေးကင်းလုံခြုံစေမှု အဓိက ရည်မှန်းချက်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာမူဝါဒများ၊ UNDP ၏ အလုံးစုံလွှမ်းခြုံသော မူဝါဒနှင့် စည်းမျဉ်းများ၊ စီမံချက်အဆင့် သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားရာ တက်ရောက်လာသူများ ကလည်း ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)