ပုလဲ ၁၉ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာ၌ ရွှေဆံပင်တံတား လမ်းဦးစီးနာယက ဆရာတော်အရှင်ဝေပုလ္လ ဦးစီး၍ တည်ထောင်ဖွင့်လှစ်ထားသည့် ရွှေဆံပင်ပညာဒါန စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဒီဇင်ဘာကျောင်းပိတ်ရက် ကာလအတွင်း ကနီမြို့နယ်ရှိ သဘာဝသစ်ပင် သစ်တောကြီး၏ အလယ်၌တည်ရှိသည့် အာဆီယံအမွေအနှစ်ဖြစ်သော အလောင်းတော် ကဿပဘေးမဲ့အမျိုးသားဥယျာဉ်နှင့် အလောင်းတော်ကဿပ စံနန်းတော်သို့ တတိယအကြိမ်မြောက် ခြေလျင်တောင်တက် ခရီးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာ၊ ရွှေဆံပင်ပညာဒါန စာသင်ကျောင်း ဦးစီးနာယက ဆရာတော်  အရှင်ဝေပုလ္လက “ရွှေဆံပင်ပညာဒါန စာသင်ကျောင်းကနေ အလောင်းတော်ကဿပ စံနန်းတော်အထိ ၃၆ မိုင်ကွာဝေးပြီး ခရီးမိုင် ၂၀ အထိ ကျောင်းသား၊ ကျောင်းသူများကို ကားများဖြင့်  ပို့ဆောင်ပေးသွားမှာ  ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ခရီးမိုင် ၁၆ မိုင် အသွားအပြန် ၃၂ မိုင် တောင်ပေါ်‌ခြေလျင်ခရီးကို ဆရာ၊ ဆရာမများရဲ့ ကြီးကြပ်မှုနဲ့ ကျောင်းသား၊ ကျောင်းသူများက လမ်းလျှောက်သွားကြမှာ ဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ကာယစိတ္တ ကျန်းမာကြံ့ခိုင်ရေး၊ စည်းလုံးညီညွတ်ရေး၊ အချင်းချင်း ကူညီရိုင်းပင်းရေး၊ စာပေကရရှိတဲ့ အသိနှင့်သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုး တန်ဖိုးထားလိုတဲ့စိတ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်များနဲ့ ဒီဇင်ဘာ ကျောင်းပိတ်ရက် ကာလဖြစ်တဲ့ ၂၅ ရက်မှ ၂၇ ရက်ထိ သုံးရက် တောင်ပေါ်‌ခြေလျင်ခရီးစဉ်ကို တတိယအကြိမ်မြောက် စီစဉ်ပေးရခြင်းဖြစ်ပါတယ်။ တောင်ပေါ်‌ခြေလျင်ခရီးစဉ်မှာ ကျောင်းသား၊‌ ကျောင်းသူများကို အဖွဲ့(၅)ဖွဲ့ခွဲပြီး ကြီးကြပ်လိုက်ပါသူများနှင့်အတူ စေလွှတ်မှာဖြစ်ပါတယ်။ ပြန်ရောက်တဲ့အခါ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့  စီမံခန့်ခွဲမှုကောင်းမွန်မှု၊ ကျန်းမာကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းကောင်းမွန်မှု၊ ဘာသာတရားကိုင်းရှိုင်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးထိန်းသိမ်းမှု စတဲ့ အချက်(၆)ချက်နဲ့ အကဲဖြတ် အမှတ်ပေးပြီး ဆုများကို ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်” ဟု မြွတ်ကြားခဲ့သည်။

 

ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာရှိ ရွှေဆံပင်ပညာ ဒါနစာသင်ကျောင်းမှ အဌမတန်းနှင့် နဝမတန်း ကျောင်းသား၊ ကျောင်းသူ (၁၂၆) ဦးနှင့် အနီးကပ် ကြီးကြပ်စောင့်ရှောက်သူများအဖြစ် ဆရာ၊ ဆရာမ (၁၅) ဦး၊ ပြင်ပမှဝါသနာရှင် ယင်းမာပင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကရာတေးနည်းပြဆရာ ၃ ဦးနှင့် ရန်ကုန်မြို့မှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၃ ဦးတို့က အာဆီယံအမွေအနှစ် အလောင်းတော်ကဿပ ဘေးမဲ့အမျိုးသားဥယျာဉ်နှင့် အလောင်းတော်ကဿပ စံနန်းတော်သို့  သုံးရက်ခြေလျင် တောင်တက်ခရီးသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောပိုးအိတ်နှင့် အနွေးထည်များ လှူဒါန်းလိုပါက ကျောပိုးအိတ်  တစ်လုံးလျှင် ငွေကျပ် ၆၀၀၀ နှုန်းနှင့် အနွေးထည်တစ်ထည်လျှင် ငွေကျပ် ၉၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ခရီးစဉ်တွင် ကုသိုလ်ပြု ပါဝင်လိုသူများအနေဖြင့် လည်းကောင်း၊   ရွှေဆံပင်တံတား လမ်းဦးစီးနာယက ဆရာတော် အရှင်ဝေပုလ္လ၊ ရွှေဆံပင်ပညာဒါန စာသင်ကျောင်း၊ ပုထိုးသာကျေးရွာ၊ ပုလဲမြို့နယ်၊ ဖုန်း ၀၉-၄၀၀၄၇၁၄၂၂၊ ၀၉- ၄၅၆၇၀၀၀၀၁ နှင့် ဒေါ်မိုးသီတာထွေး (စာကြည့်တိုက်မှူး)၊ ရွှေဆံပင်ပညာဒါန စာသင်ကျောင်း၊ ပုထိုးသာကျေးရွာ၊ ပုလဲမြို့နယ်၊ ဖုန်း ၀၉-၉၅၆၄၆၀၂၂၃ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

မင်းခန့်စိုး‌(ဇေယျာမြေ)