ဟင်္သာတ  ၁၉   ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတတက္ကသိုလ်ကျောင်းသားဟောင်းများနှင့် တက္ကသိုလ်မိသားစုများ ပူးပေါင်း ဆောင်ရွက်သည့် ဟင်္သာတတက္ကသိုလ် ပတ္တမြားရတု အထိမ်းအမှတ်ပန်းခြံနှင့် အမှတ်တရ ကျောက်တိုင်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီက တက္ကသိုလ် ပင်မလေးထပ်ဆောင် ရှေ့ရှိ ပန်းခြံတွင်ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာတင်ထွေး၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးအောင်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမာလာနှင့် တာဝန်ရှိသူများက ပတ္တမြားရတုပန်းခြံနှင့် အမှတ်တရ ကျောက်တိုင်တို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပန်းခြံတွင်းရှိ ကံကောင်းခြင်းသစ်ရွက်ရေကန်တွင် အမှတ်တရ ကြာပန်းပင်များကို ထည့်သွင်းစိုက်ပျိုးခဲ့ကြသည်။

 

အဆိုပါ ပတ္တမြားရတု အထိမ်းအမှတ်ပန်းခြံနှင့် အမှတ်တရကျောက်တိုင်ကို ကျောင်းသား၊ ကျောင်းသူ ဟောင်းများ၊ တက္ကသိုလ်မိသားစုများနှင့် သင်္ချာမေဂျာကျောင်းသား၊ ကျောင်းသူဟောင်းများ၏ စုပေါင်းထည့်ဝင် လှူဒါန်းငွေဖြင့် တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမာလာထံမှ သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)