မန္တလေး ၁၉ ဒီဇင်ဘာ
ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးဧရိယာအတွင်း လင်းပိုင်သားပေါက်နှစ် ကောင်တွေ့ရှိခဲ့ကြောင်း ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့ထံကသိရသည် ။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည့် စာရင်းကောက်ယူမှုအရ ဧရာဝတီလင်း ပိုင်ကောင်ရေ ၂၄ ကောင်တွေ့ရှိထားပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ မွန်းတည့် ၁၂ ရက်နေ့အထိ သုတေသနလုပ်ငန်းများ ပြုလုပ်ရာတွင် မူလရှိပြီးသား လင်းပိုင်တွေအပြင် လသားအရွယ် လင်းပိုင်နှစ်ကောင်ကိုပါ တွေ့ရှိခဲ့ကြောင်းသိရသည်။
"ထပ်ပြီးတွေ့ရှိတာကတော့ သားပေါက်နှစ်ကောင်ပါ။ အရင်ရှိပြီးသားထက် နှစ်ကောင်ပိုတိုးလာတာပေါ့။ အဓိကကတော့ ရေလုပ်သားတွေက လင်းပိုင်တွေကို ထိန်းသိမ်းကာကွယ်မယ်ဆိုရင် အကောင်ရေတိုးဖို့ပဲရှိတယ်။ ခုပညာပေးတွေ လုပ်ဆောင်ပြီးနောက်ပိုင်း ဒေသခံတွေအားလုံး ပါဝင်ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် ရှော့တိုက်ငါးဖမ်းဆောင်ရွက်တာတွေ လျော့ကျသွားတယ်"ဟု ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်းကပြောသည်။
လက်ရှိတွင် မန္တလေးမြို့ နန်းတော်ကျွန်း ကျေးရွာအနီးမှ ကျောက်မြောင်း မြို့ရေတော်ဘုရားအထိ မြစ်ပိုင်းကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး နယ်မြေအဖြစ် ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာလ အတွင်းတွင် သတ်မှတ်ခဲ့ပြီး ဒုတိယထိန်းသိမ်းရေး ဧရိယာဖြစ်သည့် ထီးချိုင့်၊ ကသာ၊ ကချင်ပြည်နယ် ရွှေကူမြို့တို့ကို ၂၀၁၈ ခုနှစ်က သတ်မှတ်ခဲ့သည်။ ဧရာဝတီလင်းပိုင်များသည် မန္တလေးတိုင်းဒေသကြီး မင်းကွန်းဒေသမှ ကချင်ပြည်နယ် ဗန်းမော်မြို့အထိ နေထိုင်ကျက်စားကြပြီး ဧရာဝတီလင်းပိုင်များအား နောက်ဆုံး ကောက်ယူခဲ့သည့် စာရင်းများအရ ပထမထိန်းသိမ်းရေး ဧရိယာအတွင်းတွင် လင်းပိုင် ၂၆ ကောင်၊ ဒုတိယထိန်းသိမ်းရေး ဧရိယာအတွင်းတွင် လင်းပိုင် ၃၄ ကောင်ရှိကြောင်း သိရသည်။ လင်းပိုင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာန၊ သားငှက်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (WCS) တို့မှ ကျေးရွာလူထုနဲ့ ပူးပေါင်းကာ ထိန်းသိမ်းနေကြောင်း သိရသည်။
ဧရာဝတီလင်းပိုင်များသည် တရားမဝင် ဘက်ထရီရှော့တိုက် ဖမ်းဆီးခံရမှုများ ငါးဖမ်းပိုက်များတွင် ငြိတွယ်ခြင်း ရေယာဉ်ပန်ကာများ၏ ခုတ်ဖြတ်ခံရမှုများကြောင့် သေဆုံးနေရကြောင်း ငါးလုပ်ငန်းဦးစီး ဌာနက ထုတ်ပြန်ထားသည်။
သူရိန်လင်း