နေပြည်တော်  ၁၉  ဒီဇင်ဘာ 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems (IFES) တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ရင်ဆိုင်ကြုံတွေ့နိုင်သော လုပ်ကြံသတင်းများ၊ အမုန်းစကားများ တိုက်ဖျက်ခြင်းတို့နှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပသည်။

 

1

 

ဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက က ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွင် လူသားအားလုံး တန်းတူညီမျှဖြစ်သည်ဆိုသည့် အခြေခံမူကို အလေးထား ကြပါကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခြင်းနှင့် ဆန္ဒမဲပေးခြင်းတို့သည် လူသား အားလုံးကျား/မ တန်းတူညီမျှပါဝင်ခွင့်ရှိသောလူ့အခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အရွေးချယ်ခံကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများတွင် အမျိုးသမီးများလည်း ပါဝင်ကြမည်ဖြစ်ပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများတွင် အမျိုးသမီးများဝင်ရောက်ယှဉ်ပြိုင် အရွေးခံခြင်းနှင့်စပ်လျဉ်း၍  ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း (၃၀၆၉) ဦးအနက် အမျိုးသမီး ဦးရေ (၁၂၇) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စား လှယ်လောင်း (၆၀၃၈) ဦးအနက် အမျိုးသမီးကိုယ်စားလှယ်လောင်း (၈၀၀) အထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါကြောင်း။


 မြန်မာနိုင်ငံ၏ လူဦးရေနှင့်နှိုင်းယှဉ်ပါက နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှု နည်းသေး သည်ဟု ယူဆပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ယခုထက် ပိုမိုပါဝင်လာ မည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ကြောင့် အမျိုးသမီးများနိုင်ငံရေးနယ်ပယ်တွင် ပိုမို ပါဝင်လာစေ ရေးနှင့် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ရွေးကောက်ပွဲများဖြစ်စေရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်အချိန် နီးကပ်လာသည် နှင့်အမျှ အမျိုးသမီးကိုယ်စားလှယ်လောင်းများ ရင်ဆိုင်ရနိုင်သည့် အမုန်းစကားဖြင့် တိုက်ခိုက်ခြင်းများကို တားဆီးပြီးကျား/မအားလုံး တန်းတူညီမျှစွာ ပါဝင်ခွင့်ရရှိရေးကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကျား/မတန်းတူ ညီမျှရေးနှင့် အမျိုးသမီးများ ကဏ္ဍမြှင့်တင်ရေးဆိုင်ရာ မူဝါဒ (၂၀၁၉-၂၀၂၂) ကိုရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

အမျိုးသမီးကိုယ်စားလှယ်လောင်းများအား အမုန်းစကားများ၊ မမှန်ကန်သည့် သတင်း များဖြင့် တိုက်ခိုက်မှုများကို တားဆီးနိုင်မည့် နည်းလမ်းများတွင် အသိပညာပေးခြင်း၊ ဗဟုသုတ ဖြန့်ဝေခြင်းနှင့် တိုက်တွန်းစည်းရုံးခြင်းနည်းလမ်းများကို ထည့်သွင်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ ယနေ့ မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာအသုံးပြုမှုမြင့်မားလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆိုရှယ်မီဒီယာပေါ်မှ အမုန်းစကားနှင့်တိုက်ခိုက်မှုများ၊ သတင်း အမှားများ ဖြန့်ဝေမှုများရှိခဲ့လျှင် အမျိုးသမီးကိုယ်စားလှယ်လောင်းများကို သာမကရွေးကောက်ပွဲ အပေါ်လည်း ဆိုးကျိုးများသက်ရောက်နိုင်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် သတင်းအမှားများ၊ အမုန်းစကားများ ဖြန့်ဝေနေမှုကိုတားဆီးကာကွယ်ရန် အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ Facebook Team တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာနှင့်စပ်လျဉ်းသည့် သတင်းအမှန်များကို ပြည်သူလူထုသိရှိစေရန် သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ကော်မရှင်ရုံးတွင် အပတ်စဉ် သတင်းများထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ရင်ဆိုင်ကြုံတွေ့ရနိုင်မည့် အမုန်းစကားနှင့် လုပ်ကြံသတင်းများအား တားဆီးကာကွယ်နိုင်မည့် နည်းလမ်းများကို အလေးထား ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။  

 

7

 

 

၎င်းနောက် ကော်မရှင်ကော်မရှင်ဥက္ကဋ္ဌသည် တက်ရောက်လာကြသူများနှင့် မှတ်တမ်း တင်ဓာတ်ပုံရိုက်၍ အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)