နေပြည်တော် ၁၉ ဒီဇင်ဘာ
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး အေဂျင်စီ (MSME Agency)၏ ပထမအကြိမ်နှစ်ပတ်လည် ညီလာခံနှင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဗဟို MSME အေဂျင်စီနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် MSME အေဂျင်စီများ၏ ပူးပေါင်းပံ့ပိုးမှုအခြေအနေများအား မိတ်ဆက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သည့် MSME အေဂျင်စီ၏ ပထမအကြိမ် နှစ်ပတ်လည် ညီလာခံကျင်းပရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရေးဆွဲခဲ့သည့် ဒေသဆိုင်ရာ MSME Action Plan များကို မိတ်ဆက်ခြင်း၊ ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ ဗဟိုအေဂျင်စီနှင့် ဒေသဆိုင်ရာအေဂျင်စီများ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ အောင်မြင်မှုများ၊ အခက်အခဲများနှင့် လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးသုံးသပ်ကြမှာ ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအတွင်းရှိ ဒေသတစ်ခုချင်းစီတွင် MSME များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ Action Plan တစ်ခုချင်းရေးဆွဲရသည့် အကြောင်းရင်းမှာ ဒေသတစ်ခုနှင့်တစ်ခု အားသာချက် နှင့်အားနည်းချက်များ မတူညီခြင်း၊ ရင်းနှီးမြှုပ်နှံမှု ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကွဲပြားခြင်းတို့ကြောင့် ဒေသအချင်းချင်း ချိတ်ဆက်မှုနှင့် အရင်းအမြစ် များအပေါ်အခြေခံ၍ ရေးဆွဲရခြင်း ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေနှင့် မူဝါဒများကို ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များ အတွင်း အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း။
ထို့ပြင် အာဆီယံဒေသတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့နိုင်ငံများ၏ တိုးတက်ပြောင်းလဲမှုများအပေါ် အခြေခံ၍ “အာဆီယံဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာလုပ်ငန်းစဉ် (၂၀၁၆-၂၀၂၅)” နှင့် (၆)လအတွင်း ရေးဆွဲထားသည့် Action Plan များကို မြန်မာနိုင်ငံမှ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါပြောင်းလဲနေသော အလေ့အကျင့်ကောင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်အကောင်အထည်ဖော်နိုင်ရေးနှင့် နိုင်ငံတစ်ဝန်းလုံး ကျယ်ကျယ်ပြန့်ပြန့် သိရှိအသုံးပြု လာရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ အတွေးအခေါ် များပြောင်းလဲလာသကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုများတွင်လည်း နည်းပညာများ၊ အတွေးအခေါ်ပြောင်းလဲမှုများ၊ ယှဉ်ပြိုင်မှုမဟာဗျူဟာ များနှင့် အလုပ်အကိုင်ကျွမ်းကျင်မှုဆိုင်ရာ စိန်ခေါ်မှုများပါတစ်ပါတည်း ပါလာပါကြောင်း။
အဆိုပါပြောင်းလဲမှုများကို မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ သတိပြုမိစေရန်နှင့် မူဝါဒပိုင်းဆိုင်ရာ ပြင်ဆင်အကောင်အထည်ဖော်နိုင်ရေးအတွက် “စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း(OECD)”၏ ၂၀၁၈ ခုနှစ် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာ မူဝါဒညွှန်းကိန်းများတွင် တိုင်းတာမှု စံနှုန်းသတ်မှတ်ချက်နယ်ပယ်(၈)ခုကို သတ်မှတ်ခဲ့ပြီး မူဝါဒနှင့် အကောင်အထည်ဖော်မှုများကို နိုင်ငံတစ်ခုချင်းစီအပေါ် သုံးသပ်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့် MSME မူဝါဒနှင့် အာဆီယံမဟာဗျူဟာ Action Plan များတွင် “ဒေသတွင်း MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံကျသည့် အချက်များ”ကိုသာ အဓိကထားဖော်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်များပြားလာရေးအတွက် ဒေသအသီးသီး၌ Action Plan များ ရေးဆွဲချိန်တွင် “ OECD ၏ တိုင်းတာမှုစံနှုန်းသတ်မှတ်ချက်နယ်ပယ် (၈)ခု ” နှင့် “ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြောင်းလဲကြိုးစားနေသည့် ဒီဂျစ်တယ်စီးပွားရေး စနစ်ဖြစ်လာရေး ” တို့ကိုလည်း အသိပညာပေးကာ ထည့်သွင်းဆွေးနွေးခဲ့ကြပါကြောင်း။
ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး “ ဗဟိုကော်မတီ ” နှင့် “ လုပ်ငန်းကော်မတီ ” တို့၏ ဦးဆောင်မှုဖြင့် “ MSME Agency ” နှင့် “ ဒေသဆိုင်ရာ MSME Agency ” တို့ပူးပေါင်း၍ Action Plan များ ရေးဆွဲသည့်အခါ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ အားလုံးပါဝင်နိုင်သည့် အခွင့်အရေးရရှိတဲ့အပြင် အားသာချက်၊ အားနည်းချက်နှင့် မဟာဗျူဟာတို့အပေါ် အခြေခံ၍ ဒေသတွင်း MSME များဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းရေးဆွဲခဲ့ကြပါကြောင်း။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့သည့် “ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု (၂၀၂၀) အစီရင်ခံစာ” တွင် မြန်မာနိုင်ငံသည် ယခင်နှစ်ရရှိသည့် အဆင့်(၁၇၁)မှ အဆင့်(၆)ဆင့် တိုးတက်လာခဲ့သည့်အပြင် “ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် တိုးတက်မှု အကောင်းဆုံးနိုင်ငံ (၂၀)စာရင်း ” တွင်လည်း ပါဝင်ခဲ့ပါကြောင်း။ မြန်မာနိုင်ငံအတွက် ကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ဆက်စပ်သည့် ဝန်ကြီးဌာနများအနေဖြင့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း စည်းကမ်းများနှင့် မူဝါဒများကို ခေတ်နှင့်လျော်ညီစွာ ပြုပြင်ပြောင်းလဲပေးရမည်ဖြစ်ပါကြောင်း။ လက်တွေ့အကောင်အထည်ဖော်မှု ( Implementation ) အပိုင်းတွင်လည်း ခေတ်မီ နည်းပညာသုံး စီးပွားရေးလုပ်ငန်းများ (Smart Business) ဖြစ်လာစေရန်အတွက် စွမ်းဆောင် ရည်မြှင့် သင်တန်းများပေးခြင်း၊ နည်းပညာလွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း၊ “ ရေးဆွဲခဲ့ပြီးတဲ့ Action Plan ” တွေအပေါ်မှာ ပါဝင်သက်ဆိုင်တဲ့အသင်းအဖွဲ့များ၊ ဌာနများ၊ အေဂျင်စီများ၏ စိတ်ဝင်စားမှုအခြေအနေ၊ အကောင်အထည်ဖော်မှု အခြေအနေ၊ ပြည်ထောင်စုအစိုးရနှင့် ဒေသဆိုင်ရာအစိုးရများ၏ ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေ အနေများကို ပြန်လည်သုံးသပ်ရန်အတွက် ယခုအခမ်းအနားကို ကျင်းပခြင်း ဖြစ်ပါကြောင်း။
ညီလာခံမှရရှိသည့် ရလဒ်များမှတစ်ဆင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှာ ရှေ့ဆက်ဆောင်ရွက်ရမည့် အခန်းကဏ္ဍလိုအပ်ချက်များကို ရှင်းရှင်းလင်းလင်းသိရှိလာနိုင်ပြီး လိုအပ်ချက်များကို ပြင်ဆင်ကာ အကောင်းဆုံးဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းကော်မတီ၊ MSME အေဂျင်စီနှင့် အထောက်အကူပြုအဖွဲ့များ၊ ဆက်စပ်ဌာနများ၊ ဒေသဆိုင်ရာ အေဂျင်စီ အဖွဲ့ဝင်များမှ Action Plan တွင်ပါရှိသည့် စီမံကိန်းများကို ထိရောက်စွာပူးပေါင်းဆောင်ရွက် သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။