ပင်လည်ဘူး ၂၀ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ ကျေးရွာများတွင် လုံလောက်သည့် သောက်သုံးရေများ ရရှိပြီး ရေများပြတ်လပ်မှုမရှိအောင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကျေးရွာများသို့ ကွင်းဆင်းပြီး RWS MIS စနစ်ဖြင့် ရေပေးရေးဆိုင်ရာအချက် အလက်များ ကောက်ယူနေကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှသိရသည်။
အဆိုပါ ရေပေးရေးဆိုင်ရာ အချက်အလက်စစ်တမ်းများကောက်ယူ ခြင်းကို ၂၀၁၉ နိုဝင်ဘာလကစ၍ ကွင်းဆင်းကောက်ယူခဲ့ကြကာ လက်ရှိ မြို့နယ်အတွင်း ရေပေးရေးဆိုင်ရာ အချက် အလက်များကို ကျေးရွာ ၅ ရွာ ကောက်ယူဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ အချက် အလက်များကောက်ယူရာတွင် ကျေးရွာ အိမ်ခြေစာရင်း၊ အိမ်တိုင်း ကိုယ်ပိုင် ရေတွင်းရှိ/မရှိ၊ ရေတွင်းအမျိုးအစား၊ တစ်အိမ်ခြင်းရေတွင်းပိုင်ဆိုင်မှု၊ ရေအရည် အသွေး၊ ရွာတွင် အများသုံး (ဘုံသုံး) အဖြစ်ရေထွက်အရင်းအမြစ်၊ ရေအရင်းအမြစ်တွေရဲ့ ရေထွက်နှုန်း ပြတ်လပ်မှုရှိ/မရှိ၊ ဘယ်အချိန်ကာလတွင်ရေ ပြတ်တောက်မှုအခြေအနေများနှင့် လက်ရှိရေသုံးစွဲမှုဆိုင်ရာအသေးစိတ် အချက်အလက်များကို ကောက်ယူခဲ့ကြပြီး ရေရရှိမှုအချက် အလက်တွေအပေါ် ကြည့်၍ အပေါ်ယံရေအောင်းလွှာ ခမ်းခြောက်မှုတွေကို အဖြေရှာပြီး သောက်သုံးရေများလုံလောက်မှုရှိအောင် နည်းပညာနှင့် အခြားလုပ်ငန်းတွေကို ရှာဖွေပြင်ဆင်ပြုလုပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ပင်လည်ဘူးမြို့နယ်တွင်ကျေးရွာပေါင်း ၂၆၆ ရွာရှိပြီး အဆိုပါ ရေပေးရေးဆိုင်ရာ အချက်အလက်များကောက်ယူခြင်းကို ၂၀၂၀ နှစ်ကုန်တွင် အပြီးကောင်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
မျိုးလွင်(ပင်လည်ဘူး)