လေးမျက်နှာ ၂၀ ဒီဇင်ဘာ
ကျေးလက်ဒေသနေ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဌာနဆိုင်ရာများနှင့် ပြည်သူများကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူ့အကျိုးပြု အသိပညာပေး လုပ်ငန်းများ ကွင်းဆင်းဟောပြောခြင်းကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ညောင်ပင်ဝဲကျေးရွာအုပ်စု၊ ညောင်ပင်ဝဲကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးနှင့် လက်ထောက် မီးသတ်ဦးစီးမှူး ဒေါ်ချစ်ပွင့်ကျော်တို့က မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်း စရာများနှင့် မီးသတ်ဆေးဘူးစနစ်တကျ အသုံးပြုပုံနည်းလမ်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ် လျှပ်စစ်မှူးဦးဝင်းလှိုင်က လျှပ်စစ်မီး သုံးစွဲရာတွင် သတိပြုလိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် လျှပ်စစ်မီးသုံးစွဲခြင်းကြောင့် ရရှိလာမည့် ကောင်းကျိုးများနှင့်အတူ ပေါ့ပေါ့ဆဆ အသုံးပြုပါက ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးများကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်က ဌာနမှ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ကျေးရွာများအရောက် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများဖြစ်သည့် စာဖတ်ရှိန်မြှင့်တက်ရေး၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် ကလေးငယ်များ စာပေဗဟုသုတရရှိစေရေး၊ ပြပွဲ၊ ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ပြန်/ဆက် စာကြည့်တိုက်တွင်လည်း စာအုပ်၊ စာပေများကို အခမဲ့လာရောက် ငှားရမ်းဖတ်ရှု့နိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး တိုင်းစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လင်းအောင်နှင့် မြို့နယ်စားသုံးသူရေးရာ တာဝန်ခံ ဦးအောင်သန်းဌေးတို့က စားသုံးသူကာကွယ်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် အစားအသောက်များ ဝယ်ယူစားသုံးရာတွင် သတိပြုလိုက်နာရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် လျှပ်စစ်အန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ မီးဘေးလုံခြုံရေးပညာပေး စာစောင်များနှင့် စားသုံးသူရေးရာ အသိပညာပေးလက်ကမ်း စာစောင်များအား သက်ဆိုင်ရာ ဌာနမှ ဝန်ထမ်းများက တက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေမိုး(ပြန်ဆက်)