ပခုက္ကူ  ၂၀   ဒီဇင်ဘာ 

အများပြည်သူအတွက်အန္တရာယ်ရှိသည့် သက်တမ်းလွန် အစားအသောက်နှင့် ဆေးဝါးများ ၊ စားသုံးရန်မသင့် အစားအသောက်များကို ပခုက္ကူမြို့၊ လေယာဉ်ကွင်းဟောင်းအနီး၌ ယနေ့နံနက်ပိုင်းက မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ကြောင်း FDA အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ မကွေးတိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးထံမှ သိရသည်။ 

အဆိုပါဖျက်ဆီးမှု၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ယနေ့ထိ သိမ်းဆည်း/အပ်နှံ သက်တမ်းလွန်ဆေးဝါး (၂၅၇) မျိုး ၊ သက်တမ်းလွန် အစားအသောက် (၁၃)မျိုး ၊ စားသုံးရန်မသင့် အစားအသောက်(၃)မျိုး တို့ပါဝင်ပြီး ကာလတန်ဖိုးမှာ  ၇၅ သိန်းခန့် ဖြစ်သည်။

 “သက်တမ်းလွန်တွေ အတော်များများ ၊ အဓိက ဆေးပေါ့။ ကျွန်တော်တို့သိမ်းဆည်းရတာက ဆယ်ပုံတစ်ပုံ လောက်ပဲပါတယ်။ ကျန်တဲ့ ၉၀ရာခိုင်နှုန်းလောက်က  ဆေးဆိုင်တွေက သူတို့ သဘောနဲ့သူတို့လာအပ်တာ။ သက်တမ်းတွေ လွန်နေပါပြီ။ ဖျက်ဆီးဖို့ လိုပါပြီ။ ခရိုင် FDA က ဦးဆောင်ပြီး ဒါကို လုပ်ပေးပါဆိုပြီး လာအပ်တဲ့ ပစ္စည်းတွေ ဖြစ်ပါတယ် ” ဟု ဒေါက်တာပြည့်ထူးက ပြောပြသည်။  

 

a

 

ဆေးဆိုင်များတွင် ယခင်က ဆေးဝါးများသက်တမ်းလွန်လာပါက ဖွင့်ဖောက်၍ အိတ်များတွင်ထည့်ပြီး နယ်များ ကို ဖြန့်သည့်အလေ့အထများ ရှိခဲ့ကြောင်း ၊  အသိပညာပေးမှု နဲ့ စစ်ဆေးမှုများ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် လုပ်ငန်းရှင်များ ဘက်မှ ပူးပေါင်းပါဝင်လာကြောင်း ၊ ဈေးကွက်အတွင်း ရှိနေသေးသည့် သက်တမ်းလွန်နှင့် စားသုံးရန်မသင့် အစားအသောက် ဆေးဝါးများကို လျော့ကျသွားအောင် ရှေ့ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာပြည့်ထူး က ဆိုသည်။ 

မီးရှို့ဖျက်ဆီးပွဲ၌ မကွေးတိုင်း FDA ၊ ပခုက္ကူခရိုင် FDA ၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေး ကော်မတီဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။ 

ဇေယျတု(မကွေး)