၂၀ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ City Taxi စာရင်းကို ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာ(ကညန)နှင့် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)တို့ တိုက်ဆိုင်စီစစ်ရာ အစီးရေ ၂၀၀၀ ကျော် ပယ်ဖျက်ရန် စစ်ဆေးတွေ့ရှိကြောင်း YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။

 

City Taxi မှတ်ပုံတင်ခြင်းကို ၂၀၀၂ ခုနှစ်မှစ၍ စီမံချက်ချကာ မြို့တော်အင်္ဂါရပ်နှင့်ညီသော အငှားယာဉ် များဖြစ်ရေး၊ အငှားယာဉ် စီးနင်းသူများကို အထောက်အပံ့ပြုနိုင်ရေးနှင့် အငှားယာဉ်များကို စည်းကမ်းထိန်းသိမ်းမှု လုပ်ဆောင်ပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ City Taxi အရေအတွက်မှာ ရန်ကုန်တွင် ပြေးဆွဲနေသည့် အရေအတွက်နှင့် စာရင်းထဲတွင်ရှိသည့် အရေအတွက် ကိုက်ညီမှု ရှိ မရှိ တိုက်ဆိုင် စစ်ဆေး ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 

"အခု နောက်ဆုံး ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ YRTA မှာ City Taxi ယာဥ်အဖြစ် မှတ်ပုံတင် ထားခဲ့တာ ၆၇၇၈၈ စီး ရှိတဲ့အကြောင်း ကျွန်တော် တင်ပြခဲ့တာဖြစ်ပါတယ်၊ ဒါပေမယ့် အခု ပြန်ပြီးတော့ ကညနနဲ့ ပြန်လည်ပြီး တိုက်ဆိုင်စစ်ဆေးပါတယ်၊ အဲတော့ ကညနမှာက ၆၆၀၁၁ စီးပဲ City Taxi ယာဉ်စာရင်း တွေ့ရပါတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က ဘယ်အချက်အလက်တွေ မှားယွင်းနေသလဲလို့ ဒါကို ယာဉ်အစီးလိုက် အစီးလိုက် နံပါတ်တွေနဲ့ အမျိုးအစားတွေနဲ့ တိုက်ပါတယ်၊ City Taxi မှာ နှစ်မျိုးတွေ့ရပါမယ်၊ AA/BB လို အက္ခရာအပူး၊ တချို့က အက္ခရာနဲ့ ဂဏန်းနဲ့ ပေးထားတဲ့နံပါတ်၊ အဲဒီမှာ နှစ်မျိုးပေါင်း အက္ခရာအပူးမှာ ၄၇၃ စီး၊ နံပါတ်နဲ့ အက္ခရာမှာ ၁၇၀၂ စီး စုစုပေါင်း ၂၁၇၅ စီးသည် ပယ်ဖျက်ရမယ်ဆိုတဲ့ စာရင်းထဲမှာ ကျွန်တော်တို့ စစ်ဆေးလို့ တွေ့ပါတယ်"ဟု ဦးလှအောင် က ပြောသည်။

 

ထို့ပြင် Taxi ယာဉ် ၃၉၈ စီးမှာလည်း City Taxi အဖြစ် မှတ်ပုံတင်ဆောင်ရွက်ထားခြင်း မရှိသည်ကို ဖော်ထုတ်ရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

 

ထိုသို့ City Taxi စာရင်းကို တိုက်ဆိုင်စီစစ်ပြီးပါက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ပြီး နောင်လာမည့် City Taxi သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက်လည်း ပိုမိုကောင်းမွန်သည့်စနစ် ဖော်ဆောင်ရာတွင် အထောက်အပံ့ပြုမည်ဖြစ်ကြောင်း သိရသည်။

 

"ကျွန်တော်တို့က အနာဂတ်ကို သွားတဲ့အခါမှာ မူဝါဒတစ်ရပ်ကို လုပ်ပြီးတော့ Taxi ယာဉ်လုပ်ငန်းများ ဖွံဖြိုး တိုးတက်ရေးကတော့ ဒါ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ YRTA လို အဖွဲ့တွေ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီလို အဖွဲ့တွေနောက် တကယ်လုပ်ကိုင်နေတဲ့ နည်းပညာအထောက်အပံ့ပြုတဲ့ အဖွဲ့တွေ အားလုံးပေါင်းစည်းပြီးတော့မှ နောင်အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမှာဖြစ်ပါတယ်"ဟု ဦးလှအောင် က ပြောသည်။

 

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေစေရန် ၂၀၁၆ ခုနှစ် ဇူလိုင် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ YRTA ကိုဖွဲ့စည်းခဲ့ပြီး YRTA မှ City Taxi မှတ်ပုံတင်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ YRTA အနေဖြင့် City Taxi ယာဉ်များကို မှတ်ပုံတင်ခြင်း၊ သတ်မှတ်ကာလအလိုက် မှတ်ပုံတင် သက်တမ်းတိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

ငြိမ်းငြိမ်း