နေပြည်တော် ၂၀ ဒီဇင်ဘာ

 

မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၇၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံတကာ အခွန်စည်းကြပ်မှု၊ စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာ စာရင်းစစ်ဆေးခြင်းနှင့် သတင်းနည်းပညာကို အခြေခံပြီး အခွန်စည်းကြပ်ကောက်ခံခြင်းဆိုင်ရာ နည်းလမ်းများကို ကြေညက်စွာ သိရှိနားလည်ပြီး အခွန်ထမ်းပြည်သူများကို အကောင်းဆုံးဝန်ဆောင်မှုပေးရမည်ဖြစ်ကြောင်း၊ အခွန်ထမ်းပြည်သူများနှင့် အမြဲထိတွေ့ဆက်ဆံနေရသဖြင့် အခွန်ဆိုင်ရာဥပဒေများနှင့်အညီ တိကျမြန်ဆန်စွာဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝရရှိရေးအတွက် တာဝန်သိစိတ်ဖြင့် အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

 

ထို့ပြင် အခွန်ထမ်းပြည်သူများပေးသွင်းသည့် အခွန်ငွေများကို နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိစွာသုံးစွဲနေသည်ကို ပြည်သူများနှင့် အခွန်ထမ်း ပြည်သူများ သိရှိနားလည်သဘောပေါက်အောင်ရှင်းပြပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် ပေးဆောင်သင့်သည့် အခွန်ငွေများကို မိမိဆန္ဒအလျောက် အခွန်ပေးဆောင်လာအောင် စည်းရုံးတိုက်တွန်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်သူများ ပူးပေါင်းပါဝင်လာခြင်းဖြင့် နိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်ထိရောက်စွာ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းတွင် ဆုရရှိကြသူများနှင့် သင်တန်းဆင်း လက်မှတ်များ ကို ပေးအပ်သည်။

 

သတင်းစဉ်