နေပြည်တော် ၂၀ ဒီဇင်ဘာ
ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာနနှင့် BIM Myanmar Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် အင်ဂျင်နီယာများအား အရည်အသွေးနှင့် စွမ်းဆောင်ရည်မြှင့်တင် နိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာ ဒီဇိုင်းနည်းပညာတစ်ခုဖြစ်သော Building Information Modelling (BIM) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ အဆိုပါဝန်ကြီးရုံး စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နိုင်ငံတကာ တည်ဆောက်ရေးဆိုင်ရာ လောကတွင် တစ်ခေတ်ဆန်းလာသည့် BIM စနစ်သည် နယ်ပယ်အလိုက် ဘောင်မခတ်ဘဲ စုစည်းပေါင်းစပ်ကာ ဘုံရည်မှန်းချက်ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်သည့် စနစ်တစ်ခုဖြစ်သည့်အတွက် ဌာနများ၏ စုပေါင်းဆောင်ရွက်နိုင်မှု အင်အားကို အဆင့်မြင့် နည်းပညာသုံးကာ ပြသကြရန်လိုအပ်ကြောင်း ပြောကြားပြီး သင်တန်းဆရာများကို ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်သည်။
ထို့နောက် BIM Myanmar Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာက သင်တန်းဖွင့်လှစ် သင်ကြားရခြင်းကို ရှင်းလင်းပြောကြားပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တန်းခွဲအလိုက် သင်တန်းသားကိုယ်စားလှယ်များထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

Building Information Modelling (BIM) သင်တန်းသည် လုပ်ငန်းအပ်နှံသူများ၏ လိုအပ်ချက်များကို BIM Model တွင် ကြိုတင်ကြည့်ရှုကာ ဖြည့်ဆည်းပေးနိုင်ခြင်း၊ စီမံကိန်းလုပ်ငန်းစနစ်များအား စီမံကိန်းမစတင်ခင်ကတည်းက ကြိုတင်ညှိနှိုင်းထားပြီး ဖြစ်ခြင်း၊ နယ်ပယ်အားလုံးမှ ကျွမ်းကျင်သူများအနေနှင့် သူ့ဘက်ကိုယ့်ဘက် စည်းမခြား/ ဘောင်မခတ်ဘဲ ဘုံရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ လိုအပ်သော ဒီဇိုင်းများအား စီမံကိန်းမစတင်ခင်ကတည်းက အတည်ပြုလက်စသပ်နိုင်ခြင်း၊ Digitalized လုပ်ပြီးသိမ်းဆည်းထားနိုင်သည့်အတွက် အချိန်နှင့်တပြေးညီ ပြန်လည်အသုံးချနိုင်စွမ်းရှိခြင်း၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရာတွင် အချက်အလက် အတိအကျ စုစည်းထိန်းသိမ်းထားနိုင်သည့်အတွက် လုပ်ငန်းစဉ်များ ပိုမိုချောမွေ့ပြီး ပြင်ထိန်း စရိတ်လျှော့ချသွားနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာကို အခြေခံသည့် တည်ဆောက်ရေး လုပ်ငန်းစနစ်ကြောင့် အချိန်နှင့် ကုန်ကျစရိတ် လျှော့ချလာနိုင်ကာ နိုင်ငံတော်၏ GDP ကိုပါ တစ်ဖက်တစ်လမ်းက တိုးတက်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိလာမည်ဖြစ်သည်။

(သတင်းစဉ်)