နေပြည်တော်  ၂၀  ဒီဇင်ဘာ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တိုင်းဒေသကြီး/ပြည်နယ်များ၌ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးများ ခန့်အပ်ပြီး မိမိတို့ဌာန၏ လုပ်ငန်းများ ပိုမိုထိရောက်အောင် ကြပ်မတ်ကွပ်ကဲဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် အနေဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အရေးကိစ္စများသည် အရေးကြီးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝန်ကြီးတစ်ပါးစီ ခန့်အပ် တာဝန်ပေးထားသဖြင့် မိမိတို့ လုပ်ဆောင်နေသည့် လုပ်ငန်းများကို တင်ပြလျက် လိုအပ်သော အကူအညီများ ရယူသွားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပေါ်လာသည့် အလုပ်သမားဆိုင်ရာ အရေးကိစ္စများကို ဌာန၏ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆောင်ရွက်ချက်များသည် ဥပဒေနှင့်အညီ ဖြစ်စေရေး၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖြစ်စေရေး ကြပ်မတ်သွားဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

 

ဝန်ကြီးဌာနအနေအဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဦးစားပေးလုပ်ငန်းများ၊ ညွှန်ကြားချက်များကို သိရှိအောင်ပြုလုပ်၍ လုပ်ငန်းများဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဌာန၏လုပ်ငန်းများ အောင်မြင်ရန်အတွက် ဝန်ထမ်းများ၏ အရည်အချင်းနှင့် အရည်အသွေးများ တိုးတက်ရန် လိုအပ်ပြီး အစီရင်ခံစာများတင်ပြခြင်း၊ လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ အရည်အချင်းများ ပေါ်လွင်လာစေမည်ဖြစ်ကြောင်း၊ စီမံချက်များ အောင်မြင်ရေးသည် ဝန်ထမ်းများ၏ အရည်အသွေး အပေါ်တွင်သာ မူတည်ပါကြောင်း၊ ဝန်ထမ်းအင်အား လိုအပ်ချက်များ တိုးတက်အောင်လည်း ဆောင်ရွက်လျက်ရှိပြီး အဆိုပါဝန်ထမ်း၏ အရည်အချင်းများ တိုးတက်မြင့်မားလာအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ တွင် မိမိတို့၏ အခက်အခဲ၊ လိုအပ်ချက်၊ အကြံဉာဏ်များအား ပွင့်ပွင်လင်းလင်း တင်ပြဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

 

သတင်းစဉ်