နေပြည်တော် ၂၀ ဒီဇင်ဘာ
United Nations Convention Against Corruption (UNCAC) စာချုပ်ဝင်နိုင်ငံများ၏ (၈)ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက်မှ ၂၀ ရက်အထိ အာရပ်စော်ဘွားများ ပြည်ထောင်စု အဘူဒါဘီမြို့ Abu Dhabi National Exhibition Center (ADNEC) တွင် ကျင်းပခဲ့ရာ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) စာချုပ်ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်မှ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းနှင့်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက မြန်မာနိုင်ငံအဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူဘောင်ဖွံဖြိုးတိုးတက်ရေးနှင့် ကော်မရှင်၏ လုပ်ငန်းများဖြစ်သည့် တားဆီးကာကွယ်ရေး၊ အသိပညာပေးရေးနှင့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ အများပြည်သူအကျိုးထုတ်ဖော်သတင်းပေးသူကို အကာအကွယ်ပေးရေး ဥပဒေကြမ်းရေးဆွဲဆောင်ရွက်ထားရှိမှုအပါအဝင် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို တင်ပြဆွေးနွေးသည်။
အစည်းအဝေးသို့ စာချုပ်ဝင်နိုင်ငံ(၁၅၆)နိုင်ငံမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် ကမ္ဘာ့နိုင်ငံအသီးသီး၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာဆောင်ရွက်ချက်များ၊ သဘောထားအမြင်များ၊ နိုင်ငံအလိုက်ကောင်းမွန်သည့် ကျင့်သုံးဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများ ဆွေးနွေးဖလှယ်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)